လာမည့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် မြန်မာပြည်မြေပြန့်ဒေသ ရှိအရှို ချင်းအမျိုး သားများက Asho Chin National Party ကိုတည်ထောင်ရန် ရွေးကောက်ပွဲ ကော်မရှင်ထံ ဖေဖော်ဝါရီ ၁၅ ရက်နေ့က လျှောက်ထား ခဲ့ကြသည်ဟု သိရသည်။
မြန်မာပြည်အတွင်း ချင်းပြည်နယ် ပြင်ပတွင် နေထိုင်ကြသော အရှိုချင်းအမျိုးသားအရေးအတွက် နိုင်ငံရေး ပါတီတည် ထောင်ရန် ရွေးကောက်ပွဲ ကော်မရှင်သို့ လျှောက်ထားရခြင်းဖြစ်သည်ဟု Asho Chin National Party ခေါင်းဆောင် ဆလိုင်း ဦးအောင်မင်းလှိုင်က ခိုနူမ်းထုန်ကိုပြောသည်။
“ ကျနော်တို့ ချင်းပြည်နယ်ပြင်ပမှာရှိနေကြတဲ့ အရှို ချင်းလူမျိုးတွေရဲ့ဇာတိသွေး ဇာတိမာန် ပေါ်ထွန်း လာအောင် အမျိုး သားရေးလုပ်ငန်းတွေလုပ်ဆောင်သွားမယ်” ဟုဆလိုင်းဦးအောင်မင်းလှိုင် ကပြောသည်။
ရွေးကောက်ပွဲကော်မရှင်မှ ပါတီတည်ထောင်ခွင့် ပြုပြီးပါက နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ပြီး လာမည့် ၂၀၁၅ ခုနှစ် အထွေ ထွေရွေးကောက်ပွဲတွင်အရှိုချင်းလူမျိုးများနေထိုင်ရာ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း နှင့် ဧရာဝတီ တိုင်း တို့တွင်ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် စီစဉ်ထားသည်ဟု ဆလိုင်းဦးအောင်မင်း လှိုင်ကပြောသည်။
ထို့အပြင် မကွေးတိုင်းဒေသကြီး ချင်းရေးရာဝန်ကြီးအတွက်လည်းဝင်ရောက်ယှဉ်ပြိုင်မည်ဟု ၎င်းက ဆက် ပြောသည်။
ယခုလက်ရှိတွင် ပါတီဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင်တွေကို ရွေးချယ်ခန့်အပ်ခြင်းမရှိသေး ကြောင်း၊ ရွေးကောက်ပွဲ ကော်မရှင် မှနိုင်ငံရေးပါတီတည်ထောင်ခွင့်ပြုပြီးမှသာ အသေးစိပ်ဆောင်ရွက် မည်ဟု သိရ သည်။
