BNI Online

Thursday, May 17th

Last update08:55:49 PM GMT

ENGLISH VERSION
You are here သတင်း ကေအိုင်စီ နိုင်ငံရေးအကျဉ်းသား ၂၀၀ကျော် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာ

နိုင်ငံရေးအကျဉ်းသား ၂၀၀ကျော် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာ

မြန်မာအစိုးရ သမ္မတဦးသိန်းစိန်၏ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁) ဖြင့် အကျဉ်းသား ၆၅၁ဦးအား လွတ်ငြိမ်း ချမ်းသာခွင့်ပေးခဲ့ရာတွင် သျှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး၊ ၈၈ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် အပါအ၀င် နိုင်ငံရေးအကျဉ်းသား ၂၀၀ဦးကျော် ယနေ့ လွတ်မြောက်လာခဲ့သည်။

Min Ko Naing

ယမန်နေ့က ကရင်အမျိုးသားအစည်းအရုံး-KNU ငြိမ်းချမ်းရေးကော်မတီအဖွဲ့နှင့် မြန်မာအစိုးရ ပြည်နယ်အဆင့် ၀န်ကြီးတို့ လက်မှတ်ရေးထိုးပြီးနောက် သမ္မတဦးသိန်းစိန်သည် ၁၂-၁-၁၀၁၂ နေ့စွဲဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်း ထုတ်ပြန်ကြေ ညာခဲ့ခြင်းလည်းဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ်အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ)-AAPP အတွင်းရေးမှူး ကိုတင့်နိုင်က ယနေ့ လက်ရှိ လွှတ်လာသည့် နိုင်ငံရေးအကျဉ်းသား ၂၂၀ဦးရှိပြီး သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ကို ကြိုဆိုကြောင်း ကေအိုင်စီသို့ ပြောသည်။

“နောက်ထပ် အကုန်လုံး ၃၀၀ ၀န်းကျင်အထိ လွှတ်မယ်လို့ ထင်တယ်။ ဒီတခါ လွှတ်လာတာ နိုင်ငံရေးအကျဉ်းသား အများဆုံး ပါတယ်လို့ ပြောလို့ရတဲ့အပြင် ပြန်လွတ်လာတဲ့သူတွေကလည်း နိုင်ငံရေးထဲမှာ ထဲထဲဝင်ဝင် လှုပ်ရှားနိုင်တဲ့သူတွေ များတယ်။ ဒီလိုလွှတ်လာတဲ့အပေါ် ကျနော်တို့ ကြိုဆိုပါတယ်။ ဒါပေမယ့် (၄၀၁)ပုဒ်မနဲ့ အကန့်အသတ် အနှောင်အဖွဲ့တွေနဲ့ လွှတ်တာ တော့ စိတ်မကောင်းဘူး။”ဟု ပြောသည်။

ပြန်လည်လွတ်မြောက်လာသူထဲတွင် ကရင်ပြည်နယ်၊ ဘားအံအကျဉ်းထောင်မှ ဘလော့ဂါ ကိုနေဘုန်းလတ် အပါအ၀င် နိုင်ငံ ရေးအကျဉ်းသား ၁၁ဦး ပါဝင်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခင်ထွေး မြင့်က ပြောသည်။

“အစိုးရက ဒီလို နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတာ ၀မ်းသာတယ်။ အခု လွှတ်တာ NLD လူငယ်တွေလည်း ပါတယ်။ ဒီဘားအံထောင်မှာ ပြန်လွှတ်လာသူကို ကျနော်တို့ ကြိုဆိုတယ်။”ဟု ရှင်းပြသည်။

ပြည်တွင်းသတင်းဌာန Eleven Media Group ၏ Facebook စာမျက်အရ အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ယနေ့ လွတ် မြောက်သူ ၆၅၁ဦးတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ၅၉၁ဦးနှင့် ကျန် ၆၀ဦးတွင် ဦးခင်ညွှန့် (ဗိုလ်ချုပ်ကြီး ဟောင်း) အပါအ၀င် ယခင် စစ်ထောက်လှမ်းရေးနှင့် အကောက်ခွန်မှ ပြစ်ဒဏ်ကျခံနေရသူများ ဖြစ်သည်ဟု ဖော်ပြထားသည်။

မြန်မာအစိုးရက မြန်မာနိုင်ငံရှိ အင်းစိန်၊ သရက်၊ စစ်တွေ၊ ဘူးသီးတောင်၊ မြောင်းမြ၊ တောင်ငူ၊ မိုင်းဆက်၊ ဘားအံ၊ မန္တလေး၊ ဟင်္သာတနှင့် ပုသိမ် စသည့်အကျဉ်းထောင်ပေါင်းစုံမှ အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

ယခုလ ဇန်န၀ါရီ ၄ရက်နေ့ မြန်မာ့လွတ်လပ်ရေးနေ့၌လည်း မြန်မာအစိုးရသည် အကျဉ်းသား  ၁,၄၀၀ဦးကို လွှတ်ပေးခဲ့ရာ နိုင်ငံရေးအကျဉ်းသားဦးရေ ၃၀ဦးကျော်သာ ပါဝင်ခဲ့သည့်အပေါ် ပြည်တွင်းပြည်ပ နိုင်ငံတကာ အသိုင်းအ၀ိုင်းများက ဝေဖန်မှု များ ရှိခဲ့သည်။

Myanmar Newsမြန်မာ့သတင်း