You are here သတင်း နိရဉ္စရာ စစ်တွေ ဆန္ဒပြ လူအုပ်ကြီးကို ရဲက အကြမ်းဘက် နှိမ်နင်း၍ အနည်းဆုံး လူ ၇ ဦးဒဏ်ရာရ

စစ်တွေ ဆန္ဒပြ လူအုပ်ကြီးကို ရဲက အကြမ်းဘက် နှိမ်နင်း၍ အနည်းဆုံး လူ ၇ ဦးဒဏ်ရာရ

ရခိုင်ပြည်နယ် စစ်တွေမြို့ တွင် ဇွန်လ ၃ရက်နေ့က ညက လာရောက် ဆန္ဒပြသော လူအုပ်ကြီးကို ရဲက အကြမ်းဖက် ဖြိုခွဲသဖြင့် အနည်းဆုံး လူ ၇ ဦး ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။

ရဲစခန်းရှေ့တွင် ဆန္ဒပြနေကြစဉ် ( ဓါတ်ပုံ- နိရဉ္စရာ)
ဆန္ဒပြသူ ၃၀၀ ခန့်သည် အမှတ် (၁) ရဲစခန်းရှေ့တွင် ယမန်နေ့ ညဥ့် ၁၁  နာရီ အချိန်ခန့်တွင်  စုဝေး ဆန္ဒပြစဉ် ရဲတပ်ဖွဲ့များက အကြမ်းဘက်နှိမ်နင်းခဲ့ခြင်း ဖြစ်ကြောင်း စစ်တွေမှ လူငယ် တစ်ဦးက ပြောသည်။

“ ဆန္ဒပြရတဲ့အကြောင်းက စစ်တွေ နာဇီဈေးကို လေလံရထားတဲ့ မွတ်စလင် အမျိုးသား ဦးခင်မောင်လှက ရခိုင် အားမာန်ကရာတေး အဖွဲ့ကိုငှားပြီးတော့ ဈေးခွန်းကို ပိုကောက်ခိုင်းတယ်။ အဲဒါကိုဈေး သည်တွေက မကျေနပ် ရာကနေ လူထုအုံကြွမူ ဖြစ်ပြီး ပြဿနာ ဖြစ်ရာကနေ ရခိုင်လူငယ် တယောက်ကို ဖမ်းဆီး သွားခဲ့တယ်။ အဲဒါ ဘယ်အဖွဲ့က ဖမ်းဆီးသွားတယ်ဆိုတာကို ချက်ချင်း စစ်ဆေးပေးဖို့ အမှတ် (၁)ရဲစခန်းရှေ့ မှာသွား ပြီး ဆန္ဒပြ ကြတာ ဖြစ်ပါတယ်။ အခု ရဲက သေနတ်ပစ်ပြီး ဖြိုခွဲတဲ့ အတွက် တော်တော်များများ ဒဏ်ရာ ရရှိ သွားခဲ့ပါတယ်” ဟုပြောသည်။

ရဲက အကြမ်းဘက် ဖြိုခွဲမူကြောင့် လူ ၇ဦးထက်မနည်း ဒဏ်ရာ ရရှိသွားခဲ့ပြီး  တချို့မှာ  ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

“ တစ်ချို့က ခြေထောက်တွေမှာ ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားပါတယ်။ ခြေထောက်တွေကို ဖြတ်ပစ်ရမယ့် အထိ ဒဏ်ရာ ရသူတွေလည်း ရှိပါတယ်။ အခု  စစ်တွေပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေကြပါ တယ်” ဟု သူက ဆက်ပြောသည်။

ဆန္ဒပြသူများကို  အမှတ် (၁) ရဲစခန်းမှ ရဲအဖွဲ့ဝင်များက ညဥ့် ၁၁ နာရီခန့်တွင် မျက်ရည်ယိုဗုံးများဖြင့်  စတင် ပစ်ခတ်ခဲ့ပြီး နောက်ပိုင်းတွင်  သေနတ်များဖြင့်  အဆက်မပြတ် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး စစ်တွေပြည်သူ့ ဆေးရုံကြီးကို မေးမြန်းရာ တာဝန်ကျ ပုဂ္ဂိုလ်တဦးက“ ကျွန်တော် ဆေးရုံကို ခုမှရောက်တယ်။ အဲဒီကိစ္စကို မသိဘူး” ဟု ပြောသည်။

စစ်တွေ ဈေးကြီးမှ အမျိုးသမီးတဦးကို မေးကြည့်ရာ  “ဒီကိစ္စ ဖြစ်တာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ အသေးစိတ်ကို ကျွန်မမသိ ဘူး။ ဒီနေ့အခြေအနေတော့ အေးဆေးသွားပြီးလို့ မြင်တယ်” ဟုပြောသည်။

Myanmar Newsမြန်မာ့သတင်း