BNI Online

Monday, May 21st

Last update10:28:20 PM GMT

ENGLISH VERSION
You are here သတင်း အဲန်အမ်ဂျီ အပစ်ရပ် SSA မြောက်ပိုင်း တပ်မဟာ(၁) ဌာနချုပ်အနီး စစ်အင်အားတိုးမြှင့်

အပစ်ရပ် SSA မြောက်ပိုင်း တပ်မဟာ(၁) ဌာနချုပ်အနီး စစ်အင်အားတိုးမြှင့်

ဌာနေပြည်သူ့စစ်တပ်ဖွဲ့ရန်လက်မခံသော အပစ်ရပ် ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်း တပ်မဟာ(၁)ဌာန ချုပ်ဒေသ တစ်ဝိုက်တွင် ယခုရက်ပိုင်းအတွင်း စစ်အစိုးရတပ်များ အင်အားတိုးမြှင့်...

ဌာနေပြည်သူ့စစ်တပ်ဖွဲ့ရန်လက်မခံသော အပစ်ရပ် ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်း တပ်မဟာ(၁)ဌာန ချုပ်ဒေသ တစ်ဝိုက်တွင် ယခုရက်ပိုင်းအတွင်း စစ်အစိုးရတပ်များ အင်အားတိုးမြှင့်လာသည်။

“နအဖတပ်က ဗျူဟာနှစ်ခုတော့ သွားဖြည့်တယ်ပြောတယ်။ သွားဖြည့်ထားတယ်ဆိုတာ သုံးမြို့နယ် ပေါ့။ မိန်းယိုင်၊ မိန်းဆု၊ တန့်ယန်း။ ကျောက်မဲက စကခ(၁)၊ နောက်ပြီးတော့ မိန်းနောင် လိုင်းခက စကခ(၂)။ လေးငါးရင်းလောက်ရှိမယ်ထင်တယ်။ တချို့ပြောတာ ငါးရင်းခြောက်ရင်းလောက်ရှိတယ် တဲ့။ ဘာတပ်ရင်းတွေလည်း အသေးစိပ် အတိအကျ မသိသေးဘူးဗျ။” ဟု ရှမ်းသံတော်ဆင့်သတင်း လက် ထောက်အယ်ဒီတာ ဦးစိန်ကြည်က ပြောသည်။

ယခုလဆန်းပိုင်းမှစတင်၍ ဒေသတွင်း နှစ်ဖက်စစ်ရေး ပြင်ဆင်မှုများရှိခဲ့ပြီး တိုက်ပွဲ ဖြစ်ပွားလာမည်ကို ဒေသခံ လူထုက စိုးရိမ်ကာ ပြောင်းရွှေ့မှုများရှိသည်ဟု ၎င်းကဆက် ပြောသည်။

“သူတို့ကတော့ ပြင်ဆင်မှုတွေလုပ်နေတာပဲ။ ၁ရက်နေ့ ၂ရက်နေ့နောက်ပိုင်း ၀မ့်ဟိုင်းဖက်မှာတော့ အရပ်သားတွေ ဘာတွေ တော့ ပစ္စည်း ပစ္စယတွေဘာတွေ။ ရွှေ့ပြောင်းကုန် ကြပြီပြောတယ်။”

ထို့အပြင် တပ်မဟာ(၁)ဌာနချုပ်ဒေသနှင့် ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်ရာဒေသ ကြား ကားလမ်းနှင့် သံလွင်မြစ်တလျှောက်တွင် လားဟူပြည်သူ့စစ် တပ်ဖွဲ့ များအား လုံခြုံရေး ယူထားခိုင်းသည် ဟု ဦးစိန်ကြည်ကဆက်ပြောသည်။

တပ်မဟာ(၁)ဌာနချုပ် အခြေစိုက်ရာ ၀မ့်ဟိုင်းကျေးရွာအပါအ၀င် ရွာလေးရွာ၏ အ၀င်လမ်း များအား ယခုလ (၃)ရက်နေ့က စစ်အစိုးရတပ်က ၀ိုင်းဝန်းပိတ်ဆို့ခဲ့သည်ဟု ကြားရ ကြောင်း အပစ်ရပ်အဖွဲ့များပေါင်းစည်းထားသည့် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီတပ်ဦးခေါ် မဟာမိတ် အဖွဲ့ဝင်တစ်ဦးက ယခုလိုပြောသည်။

“သောကြာနေ့ပတ်ဝန်းကျင်လောက်မှာ အဲဒီနားတစ်ဝိုက်မှာ ၅၅ က ဗျူဟာတစ်ခုနဲ့ တပ်ရင်းသုံးရင်း၊ နောက် ဒေသခံတပ်နဲ့ သွားပြီးတော့ ၀ိုင်းလိုက်တယ်ပြောတယ်။ ၀ိုင်းပြီးတော့ ရွာထဲကိုဝင်တဲ့လမ်းတွေ အကုန်ပိတ်တာပေါ့။ ရွာလေးရွာကို ပိတ်တာပေါ့။ အဲဒီတပ်မဟာ(၁)ရှိတဲ့ ရွာကိုပေါ့။”

သို့သော် နောက်တစ်နေ့ညနေ ၆နာရီ အချိန်ခန့်တွင် ယင်းတပ်များပြန်လည် ရုတ်သိမ်းသွား သည်ဟု ဆက်ပြော သည်။

ယခုဖြစ်ပေါ်နေသည့် အခြေအနေများအပေါ် စစ်အစိုးရက အကြမ်းနည်း သုံး၍ဖြေရှင်းပါက ရွေးကောက်ပွဲ အတွက် အခက်အခဲ ဖြစ်စေနိုင်သည်ဟု ၎င်းက ယခုလိုသုံးသပ်ပြော ဆိုသည်။

“ဒီအချိန်မှာ တိုက်ရင်လည်း သူတို့ရွေးကောက်ပွဲက အင်မတန်နီးနေတဲ့ ကာလဖြစ်လို့ တကယ်လို့ ကိုးကန့်လို လေးငါး ဆယ်ရက်နဲ့ ပြီးတယ်ဆိုရင်တော့ အရေးမကြီးဘူးလေ။ အဲလို မပြီးနိုင်ဘဲနဲ့ သုံးလေး လကြာမယ်ဆိုရင် သူတို့ ရွေးကောက်ပွဲ အတွက် အများကြီး ခက်ခဲ သွားနိုင်တယ်။”

စစ်အစိုးရက အပစ်ရပ်အဖွဲ့များအား နယ်ခြားစောင့်နှင့် ဌာနေပြည်သူ့စစ်တပ်ဖွဲ့ရန် စက်တင်ဘာလ (၁) ရက်နေ့ နောက်ဆုံးထား အကြောင်းပြန်ရမည်ဟု ဖိအားပေး ပြောဆို ခဲ့သော်လည်း အပစ်ရပ်အဖွဲ့များက လက်မခံနိုင်ကြောင်း လွန်ခဲ့သည့် သြဂုတ်လကုန်ပိုင်း ကတည်းက ပြန်လည်ငြင်းဆန်ခဲ့သည်။

အပစ်ရပ်အဖွဲ့များဖြစ်သည့် ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့(KIO)၊ ၀ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA)၊ မိန်းလားခေါ် အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့၊ မွန်ပြည်သစ်ပါတီ (NMSP)နှင့် ကရင်ငြိမ်း ချမ်းရေးကောင်စီအဖွဲ့တို့က စစ်အစိုးရ၏ နယ်ခြားစောင့်နှင့် ဌာနေပြည်သူ့စစ်တပ်ဖွဲ့စည်းရေးကို လက်မခံ ငြင်း ပယ်ထားဆဲ ဖြစ်သည်။

 

 

Myanmar Newsမြန်မာ့သတင်း