သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ ဟိုဆောင်နှင့် တော်ရွဲ့ရွာရှိ ဒေသခံလယ်သမားများပိုင် လယ်မြေများတွင် နယူးစတားလိုက်ဖ်ကုမ္ပဏီမှ အိမ်ရာစီမံကိန်း တည်ဆောက်ရန် အတွက် ကုမ္ပဏီနှင့် လယ်သမားများ အကြား ဈေးညှိနှိုင်းရာတွင် ယခုလ ၁၉ ရက်နေ့က နှစ်ဘက် ပြေလည်မှု ရရှိသွားကြောင်း သိရသည်။

အဆိုပါ စီမံကိန်းအတွက် ကုမ္ပဏီမှ လယ်တစ်ဧက ကျပ်သိန်း ၂၄၀ ဖြင့် လယ်သမားများထံမှ ၀ယ်ယူရန် ညှိနှိုင်း ဆုံးဖြတ်ခဲ့ကြောင်း မူစယ်ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်တို့ ပြောသည်။
တရုတ်နယ်စပ် ရွှေလီမြစ်ဘေးမှ မူစယ်မြို့လေယာဉ်ကွင်းအထိ ရှည်လျားသည့် ၄င်းစီမံကိန်း အတွက် ကုမ္ပဏီ နှင့်လယ်သမားများအကြား လွန်ခဲ့သည့် ၃ လခန့်ကတည်းက ညှိနှိုင်းမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
“လွန်ခဲ့တဲ့ ၂ ရက်လောက်ကပဲ သိန်း ၂၄၀ နဲ့ ဈေးတည့်သွားတယ်၊ လယ်သမားတွေက တစ်ဧက သိန်း ၃၀၀ လိုချင် တယ်၊ ကြားထဲက ကျားဖြူပါတီကုမ္ပဏီက ၀င်ညှိပေးတယ်၊ ဒီဈေးကသင့်တယ်လို့တော့ ပြောလို့မရဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ အခုရွှေသမင်ဘုန်းကြီးကျောင်းဘက်က လယ်တွေတောင်မှ တစ်ဧကကို သိန်း ၂၀၀ ပေါက်နေတာ၊ ဘယ်လို ပဲ ဖြစ်ဖြစ် ရေရှည်မှာ လယ်သမားတွေဘက်က ကြည့်ရင်တော့ နစ်နာမှုရှိတာပေါ့ ” ဟု သူက ဆိုသည်။
အဆိုပါ လယ်ယာမြေ အရောင်းအဝယ်ဖြစ်ရန် ကျားဖြူပါတီကုမ္ပဏီမှ ၀င်ရောက်အကျိုးဆောင်ပေးသည့် အပေါ် မူစယ် ဒေသခံများအကြား အမြင်ကြည်လင်မှု မရှိကြောင်းလည်း သိရသည်။
“ကျားဖြူကလယ်သမားတွေဘက်က ရပ်တည်ရမဲ့အစား အရောင်းအဝယ်ဖြစ်အောင် ကြားဝင်ပေးတာတော့ မကောင်း ဘူးပေါ့၊ သူတို့ကိုယ်တိုင်က စီမံကိန်းကတော့ကျလာပြီ၊ တားလို့မရတော့ဘူးဆိုပြီး လုပ်လာတယ်၊ နိုင်ငံရေးပါတီ တစ်ခုက စီးပွားရေးနဲ့ပတ်သက်လာပြီဆိုရင်တော့ သူများအဝါးအမြိုခံရတာကို အဖွဲ့ဝင်တွေတောင် မကြိုက်ကြဘူး ” ဟု မူစယ်သား အိုက်စိုင်းလုံ ကဆိုသည်။
လက်ရှိတွင် လယ်ယာမြေ အရောင်းအဝယ်ကိစ္စ နှစ်ဘက်ဈေးတည့်သွားသော်လည်း ငွေလက်ငင်းပေးချေခြင်း မရှိသေးကြောင်း လတ်တလော မြေတိုင်းတာခြင်း ကိစ္စများ ဆောင်ရွက်နေကြောင်း သိရသည်။
