လက်မှတ်ရေးထိုးရုံဖြင့် ယုံကြည်မှုတည်ဆောက်နိုင်ခြင်းမဟုတ် လက်တွေ့အကောင်အထည်ဖော်မှသာ ယုံကြည်နိုင် ကြောင်း သျှမ်းပြည်တပ်မတော်ပြောခွင့်ပုဂ္ဂိုလ်ကပြောသည်။

“ ကျနော်တို့အခု ၂ ဦး ၂ ဖက် ယုံကြည်မှုတည်ဆောက်နေတာ တိုးတက်မှုရှိတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် စာချုပ်ထဲ မှာ လက်မှတ်ထိုးလိုက်ရုံနဲ့ ရာနှုန်းပြည့်တယ်လို့ မဆိုနိုင်ဘူး။ လက်တွေ့အကောင် အထည်ဖော်ရဦးမှာပါ” ဟု ဗိုလ်မှူး လောဝ်ဆိုင်က သျှမ်းသံတော်ဆင့်အားပြောပြသည်။
သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် မြန်မာအစိုးရကိုယ်စားလှယ်တို့ ယခုလ ၁၆ ရက် တောင်ကြီး၌ တွေ့ဆုံဆွေးနွေး ရာတွင် သဘောတူညီချက် ၁၁ ချက်ကိုလက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါအချက် ၁၁ ချက်အား ၁- ဟိုမိန်းနှင့် မိုင်းထား(မုန်းထား) ၌ သျှမ်းပြည်တပ်မတော်ဌာနချုပ်ထားရှိရန်၊ ၂- နယ်စပ်ဂိတ် များလုံခြုံရေးအတွက် အစိုးရ နှင့် ပူးပေါင်း တာဝန်ယူရန်၊ ၃- မူးယစ် ဆေးဝါးပူးပေါင်းတိုက် ဖျက်ရန် ဟူသည့် အချက် ၃ ချက်မြင်ရကြောင်း ၎င်းက ဆက်လက်ပြောပြသည်။
“ ကျနော်တို့အခုခရီးစဉ်က ရင်းနှီးမှု ခရီးစဉ်ဘဲရှိပါသေးတယ်။ ဘာလုပ်ငန်းမှ အကောင်အထည်ဖော်ဖို့ မရှိသေးပါဘူး” ဟု လည်းပြောသည်။
ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲအပြီး သျှမ်းပြည်တပ်မတော်ကိုယ်စားလှယ်အဖွဲ့ ၂ ဖွဲ့ခွဲကာ ဗိုလ်မှူးချုပ်စိုင်းလူး၊ ဗိုလ်မှူးကြီးစိုင်းအောင်မောင်း နှင့် စိုင်းဟန်တို့ အဖွဲ့မှာ သျှမ်းပြည်မြောက်ပိုင်း သို့လည်းကောင်း၊ ဗိုလ်မှူးချုပ်စိုင်းလူးနှင့် ဒု-ဗိုလ်မှူးချုပ်ပေါင်ခေးတို့ဦးဆောင်သောအဖွဲ့က ရန်ကုန်၊ မန္တလေးသို့လည်းကောင်း ခရီးထွက်ကာ သျှမ်းမိသားစု၊ လူမှုအသိုင်းအဝိုင်းတို့နှင့် တွေ့ဆုံခွင့်ရခဲ့ကြောင်းသိရသည်။
“ ကျနော်တို့ရဲ့ ၁၀ ရက်ကြာ လေ့လာရေးခရီးစဉ်မှာ ကျနော်တို့အတွက် တန်ဖိုးရှိတဲ့ခရီးစဉ်ဖြစ်ပါတယ်။ ကျနော်တို့ လိုချင်တဲ့ အချက်အလက်တချို့ကိုလဲ ရခဲ့ပါတယ်။ နောက်ပြီးဒေသခံလူထုတွေ၊ ရန်ကုန်ရောက် သျှမ်းမိသားစုတွေနဲ့ နွေးနွေးထွေးထွေး တွေ့ဆုံခွင့်ရခဲ့တယ်” ဟု ဗိုလ်မှူးလောင်ဆိုင်က ဆိုပါသည်။
၁၉၈၉-၂၀၀၅ အထိ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ၊ သျှမ်းပြည်တပ်မတော် မြောက်ပိုင်း(အပစ်ရပ်) SSA-N ၊ စဝ်ကဏ်းယွက်ဦးဆောင်သော သျှမ်းပြည်တပ်မတော် SSNA တို့ပူးပေါင်း၍ SSJAC (Shan State Joint Action Committee) ကို ဖွဲ့စည်းနိုင်ခဲ့သည်။ ယခုလဲ SNLD ၊ SNDP၊ RCSS/SSA ၊ SSPP/SSA တို့ ပူးပေါင်းနိုင်ခြင်း ရှိမရှိကိုမူအခြေအနေစောင့်ကြည့်ရဦး မည်ဖြစ်ကြောင်း သျှမ်းပြည်နိုင်ငံရေးစောင့်ကြည့်လေ့လာ သည့်ပုဂ္ဂိုလ်တဦး ကပြောသည်။
ပြည်ထောင်စုအဆင့် ဆွေးနွေးမှု ခရီးစဉ် နှင့်ပတ်သက်၍ RCSS/SSA အဖွဲ့၏ ဆွေးနွေးရေးကိုယ် စားလှယ်များက လွယ်တိုင်းလျဲန်းဌာနချုပ်၌ ပြန်လည်ချပြကာ လာမည့်ဆွေးနွေးပွဲ၌ ဆက်လက်ဆွေး နွေးမည့်အချက်များအား နှစ်ရက်ဆက် တိုက်ဆွေးနွေးနေကြောင်း ကြားသိရပါသည်။
