BNI Online

Monday, May 21st

Last update10:28:20 PM GMT

ENGLISH VERSION
You are here သတင်း သျှမ်းသံတော်ဆင့် ဖေဖေါ်ဝါရီ ၇ ရက် - ပြည်ထောင်စုကြီး၏ အဓိက မုခ်ဦး

ဖေဖေါ်ဝါရီ ၇ ရက် - ပြည်ထောင်စုကြီး၏ အဓိက မုခ်ဦး

သျှမ်းအမျိုးသားနေ့ ဆိုတာ  ၁၉၃၀ တောင်ကြီး သဘောတူညီချက် နဲ့ ၁၉၄၇ ပင်လုံစာချုပ်ကနေ ညီညွတ် ရေးသဘော တူညီချက်ရကတည်းက နာမည်တပ်ထားပြီးသားပါဘဲ။

ပင်လုံစာချုပ်လက်မှတ်ရေးထိုးကြသည့်ပုံတူပန်းချီ နှင့် ပင်လုံစာချုပ်သို့တည်းမဟုတ် သျှမ်းအမျိုးသားနေ့ဆိုတဲ့အတိုင်း သျှမ်းပြည်ထဲကတိုင်းရင်းသားတွေ မပါတော့ဘူးလားလို့ မေးစရာဖြစ် လာမှာစိုးလို့ သျှမ်းပြည်နယ်နေ့လို့ လဲခေါ်ဆိုခဲ့ကြတယ်။

တကယ်တော့ ဒါတွေဟာ နာမည်တွေပါဘဲ။ နာမည်ဘယ်လိုဘဲတပ်ပေးတပ်ပေး ဖြစ်ပေါ်လာရတဲ့ သမိုင်းကိုတော့ မမေ့သင့် ပါဘူး။ နှင်းဆီပန်းလိုပါဘဲ။ အမျိုးအမည်ဘယ်လောက်ကွဲပြားနေပါစေ အမွှေးရနံ့ဟာဖြင့် မပြောင်းလဲနိုင်ပါဘူး။ ဒါကြောင့် ဖေဖော်ဝါရီ ၇ ရက်နေ့ ဖြစ်ပေါ်လာရတဲ့ အဓိက သမိုင်းကို ပြန်လည်ဆန်းစစ်ကြည့်ရင်။

၁၉၄၇ ဂျန္နဝါရီလ ဗိုလ်ချုပ်အောင်ဆန်း လန်ဒန်ကိုသွားပြီး လွတ်လပ်ရေးအတွက် ဗြိတိသျှအစိုးရနဲ့ဆွေးနွေး ရာမှာ မြန်မာ နိုင်ငံကို တနှစ်အတွင်း လွတ်လပ်ရေးရစေရမယ်။ သို့ပေမယ့် နယ်စပ်ဒေသတွေမှာနေထိုင်တဲ့ တိုင်းရင်းသားတွေ ဗမာနဲ့ အတူ လွတ်လပ်ရေး ရယူချင်မယူချင်ဆိုတာကတော့သူတို့အပေါ်မှာဘဲမူ တည်တယ်။ ဒီအတွက်ဗိုလ်ချုပ်တို့ဘဲသွားရောက် ညှိနှိုင်းဆွေးနွေးကြည့်ရမယ်လို့သဘောတူညီခဲ့တယ်။

အဲ့ချိန်တုန်းက နယ်စပ်ဒေသနေ တိုင်းရင်းသားတွေဟာ ဗမာအပေါ် ယုံကြည်မှုသိပ်မရှိလို့ အင်္ဂလိပ်အုပ်ချုပ်မှုအောက် မှာနေလိုတဲ့ဆန္ဒများနေတယ်လို့ သတင်းပြေးနေတဲ့အချိန်ဖြစ်ပါတယ်။

သို့ပေမယ့် ယခင်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပေးထားပေမယ့် ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာတော့ အဲ့ဒီ အပေါ် ကန့်သတ် ချုပ်ချယ်ဘို့ စီမံလာတဲ့အခါကျတော့ တောင်တန်းဒေသ တိုင်းရင်းသားတွေဟာ ‘အင်္ဂလိပ်အုပ်ချုပ်မှုအောက်မှာနေမယ့် အစား ဗမာနဲ့အတူ လွတ်လပ်ရေးယူကြရင်ပိုကောင်းမယ်၊ ပိုပြီးတော့ မြန်မြန်ဆန်ဆန် လွတ်လပ်ရေးရမယ်ဆိုဒါယုံကြည် လာကြတယ်။’

အဲ့ဒါနဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့ သျှမ်းနဲ့ ကချင် ညီလာခံမှာလည်းကောင်း၊ ဖေဖော်ဝါရီ ၇ ရက်နေ့ သျှမ်း၊ ကချင်၊ ချင်း ညီလာခံမှာလည်းကောင်း  ဗမာနဲ့အတူ လွတ်လပ်ရေးယူလျှင် မည်သို့ စည်းကမ်းသတ်မှတ် မှုရှိရမယ်ဆိုဒါကို ဆွေးနွေးဆုံးဖြတ် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

တဖက်ကလည်း ယခင်ကျင့်သုံးလျက်သော ဗြိတိသျှတိုင်းမင်းကြီး British Commissioner ဦးဆောင်သော(စော်ဘွား ၃၃ ဦးပါ)  သျှမ်းပြည်ထောင်စုကောင်စီ (Federal Council ) အား ဖျက်သိမ်း၍ ပလောင်စော်ဘွား၊ သျှမ်းစော်ဘွား၊ ပအိုဝ်း စော်ဘွား၊ ဓနုစော်ဘွား တို့ ဦးဆောင်ဦးရွက်ပြုတဲ့ စော်ဘွား ၃၃၊ လူထုကိုယ်စားလှယ် ၃၃ ဦးပါတဲ့ Shan States Saophas Council “ရှမ်းစဝ်ဖလုံများကောင်စီ” ကို အစားထိုးဖွဲ့စည်းဖို့ ဗြိတိသျှ အာဏာပိုင်တွေက ချက်ချင်းအတည် မပြုပေးနိုင် ကြောင်း၊ ပင်လုံညီလာခံအပြီး တောင်ကြီးမှာကျင်းပမယ့် Federal Council  အစည်းအဝေးမှာ ဆုံးဖြတ် ပေးမှာဖြစ်ကြောင်း အကြောင်းပြန်တဲ့ အတွက် အဲ့ဒီ ၇ ရက်နေ့ ညမှာဘဲ လူထု ၃၀၀၀ ကျော် တက်ရောက်တဲ့ အစည်း အဝေးပြုလုပ်ခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာ စော်ဘွား ၇ ဦး လူထုကိုယ်စားလှယ် ၇ ဦး ပါဝင်တဲ့ ရှမ်းပြည်ကောက်စီ ဦးဆောင်ကော်မတီကို ဖွဲ့စည်းလိုက်တယ်။ ဒီအချက်ကြောင့် သျှမ်းစော်ဘွားနဲ့ ဗြိတိသျှဘုရင်ခံများကြား အိုးစားကွဲသွားပြီး ဗမာအစိုးရနဲ့ အတူလွတ်လပ်ရေးယူဖို့အကြောင်း အချက်တွေပိုပြီးခိုင်မာလာစေခဲ့ပါတယ်။

ဒါကြောင့်ဖေဖော်ဝါရီ ၈ ရက် ပင်လုံကိုဗိုလ်ချုပ်အောင်ဆန်းရောက်လာတော့ ဗမာပြည်နဲ့ ပူးပေါင်းပြီး လွတ်လပ်ရေးရယူဖို့ အတွက် ပင်ပင်ပန်းပန်း မစည်းရုံးလိုက်ရဘဲ တုန့်ပြန်ချက်ကို ပြည့်ပြည့်၀၀ ကြည်ကြည်သာသာနဲ့ ရရှိခဲ့ပါတယ်။

ဗြိတိသျှဘုရင်ခံတွေရဲ့ အကြောင်းပြန်ချက်ဟာ သျှမ်း - ဗမာ ပူးပေါင်းရေးကြိုးပမ်းသူတွေအတွက် အရေးကြီးတဲ့ အောင်ပွဲ တခုလို့ဆိုနိုင်ပါတယ်။ တကယ်လို့သာ Shan States Saophas Council  ကို ဗြိတိသျှအာဏာပိုင်တွေကလက်ခံ သဘော တူလိုက်မယ်ဆိုရင်၊ သို့တည်းမဟုတ် စော်ဘွားတွေက ဖေဖေါ်ဝါရီလအတွင်းကျင်းပမယ့် FSSC တောင်ကြီး ညီလာခံရဲ့ ဆုံးဖြတ်ချက်ကိုစိတ်ရှည်ရှည်နဲ့ သည်းခံစောင့်မယ်ဆိုရင်တော့ ဖေဖော်ဝါရီ ၇ ရက် ပင်လုံ လူထုအစည်းအဝေးကြီး ဖြစ်လာနိုင် စရာ အကြောင်းမရှိသလို ဖေဖော်ဝါရီလ ၁၂ ရက်  ပင်လုံစာချုပ် မှာ လက်မှတ်ထိုးစရာအကြောင်းလဲ ပေါ်လာမှာမဟုတ် ပါဘူး။ ပြည်ထောင်စုနေ့ကြီးကိုလဲ ကျင်းပစရာလိုတော့မှာမဟုတ်ဘူး။

 ၆၅ နှစ် ကြာခဲ့ပါပြီ။ နယ်စပ်ဒေသ တိုင်းရင်းသားတွေ ပြည်သူလူထုတွေကတော့ “ ဖေဖော်ဝါရီ လ ၇ ရက်တုန်းက ကျုပ် တို့ခေါင်းဆောင်တွေ အလျင်စလိုဆုံးဖြတ်ခဲ့တာကိုး” လို့ တွေးသူတွေ တော်တော်များများ ရှိပါလိမ့်မယ်။ ဘာဘဲဖြစ်ဖြစ် ဖေဖော်ဝါရီ ၇ ရက် နေ့ဟာ သျှမ်းပြည်လူထုအတွက် ဆုံးဖြတ်ချက် မှားကောင်း မှားတဲ့နေ့ဖြစ်နေပေမယ့် ဗမာခေါင်းဆောင် တွေအတွက်တော့ ဖေဖော်ဝါရီ ၇ ရက်နေ့ဟာဆုံးဖြတ်ချက်မှန် ကန်တဲ့နေ့  နေ့ကောင်းရက်မြတ် ဖြစ်ပါတယ်။ ဗြိတိသျှကိုလိုနီဝါတီတွေအစား လူမျိုးကြီးဝါဒီ ဗမာအစိုးရက အပြည့်အ၀ အမွေ ဆက်ခံလိုက်လို့ပါဘဲ။

ဒါကြောင့် ခုနေခါများ ကျနော်သာ နိုင်ငံတော်သမ္မတကြီး ဒါမှ မဟုတ် နိုင်ငံကိုအုပ်ချုပ်နေတဲ့ ခေါင်းဆောင်ကြီးဖြစ်ခဲ့ပါရင် ‘ဖေဖော်ဝါရီ ၇ ရက်နေ့ သျှမ်းပြည်သားတွေက ဝမ်နည်းသင့်လို့ ဝမ်းနည်း နေရမယ့်အစား သျှမ်းပြည်နယ်နေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲကျင်းပချင်’ နေကြသေးတာကိုတားဆီး မနေပါဘူး။ လွတ်လွတ်လပ်လပ်ကြီး ကျင်းပခွင့်ကို ပေးကိုပေးလိုက်မှာ ပါ။

Myanmar Newsမြန်မာ့သတင်း