BNI Online

Wednesday, Feb 08th

Last update11:06:31 PM GMT

ENGLISH VERSION
You are here သတင်း မွန်အေဂျင်စီ နယ်စပ်ရှိ သစ်လုပ်ငန်းရှင်များ အခက်အခဲ ကြုံတွေ့နေကြ

နယ်စပ်ရှိ သစ်လုပ်ငန်းရှင်များ အခက်အခဲ ကြုံတွေ့နေကြ

ထိုင်းနိုင်ငံသို့ အဓိက တင်ပို့သောသစ်များကို ထိုင်းသူဌေးများမှ အဝယ်တော်ရှားပါးမှုနှင့် ဈေးနှုန်းအလွန်အမင် ကျဆင်းနေမှုတို့ကြောင့် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ရှိ သစ်လုပ်ငန်းရှင်များ ...

ထိုင်းနိုင်ငံသို့ အဓိက တင်ပို့သောသစ်များကို ထိုင်းသူဌေးများမှ အဝယ်တော်ရှားပါးမှုနှင့် ဈေးနှုန်းအလွန်အမင် ကျဆင်းနေမှုတို့ကြောင့် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ရှိ သစ်လုပ်ငန်းရှင်များ အလွန်ဒုက္ခဖြစ်နေကြသည်ဟု သိရသည်။

လွန်ခဲ့သော ဖေဖော်ဝါရီလ တတိယအပတ်မှစ၍ ထိုင်းသစ်အဝယ်တော်အများစုက သစ်ဝယ်ယူမှုများ ရပ်ဆိုင်းလိုက်ခြင်းနှင့် သစ်ဝယ်ယူနေသော ထိုင်းသူဌေးများက သစ်ဈေးနှုန်းများကို အဆမတန် ဈေးနှိမ်ပြီး ဝယ်နေသောကြောင့် ထိုသစ်လုပ်ငန်းတွင် ဘတ်ငွေ သိန်းချီ ရင်းနှီးမြုပ်နှံထားသည့် လုပ်ငန်းရှင်များအတွက် အခက်အခဲတွေ့နေကြသည်ဟု သစ်လုပ်ငန်းတွင် ဘတ်ငွေဆယ်သိန်းကျော် ရင်းနှီးမြုပ်နှံထားသည့် သစ်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“အရင်က ပျဉ်းကတိုးသစ်တစ်တန်ကို ထိုင်းဘတ်ငွေ တစ်သောင်းသုံးထောင် လောက်ရှိတယ်၊ အခုဆို ရှစ်ထောင်လောက်ကျသွားတယ်။ အရင်က ဘတ်ငွေ သုံးသောင်းလောက်ရှိတဲ့ ဘာကေးတွေတောင်မှ အခုဆို တစ်သောင်းခွဲ လောက်ပဲရှိတယ်ဆိုတော့ ရင်းနှီးထားတဲ့လူတွေ ငွေတွေအားလုံး အဲဒီမှာပဲ မြုပ်နေကြတာ၊ လုပ်ငန်းအသစ်ကို ဘယ်လိုမှ ဆက်ပြီးတော့ မလည်ပတ်နိုင်ဘူးဖြစ်နေတယ်” ဟု ၄င်းက ပြောသည်။

ထိုင်းလုပ်ငန်းရှင်အများစုက သစ်ဝယ်ယူမှု ရပ်ဆိုင်းလိုက်ခြင်းမှာ ထိုင်းနိုင်ငံအတွင်း လက်ရှိမတည်မငြိမ်ဖြစ်နေခြင်းနှင့် ၄င်းတို့ဝယ်ယူထားသော သစ်များ အရောင်းအဝယ်မတွင်ကျယ်သောကြောင့် သစ်အဝယ် ရပ်လိုက်ရခြင်းဖြစ်သည်ဟု သစ် လုပ်ငန်းများက ဆိုသည်။

သစ်ဈေးများ အဆမတန်ကျဆင်းနေသော်လည်း အကောက်အခွန်များ ကျဆင်းခြင်းမရှိသည့်အချက်သည်လည်း သစ်လုပ်ငန်းရှင်များ တွက်ခြေမကိုက်ဖြစ်နေသည့် အဓိက အချက်တစ်ချက်ဖြစ်သည်။

“တစ်တန်ကို ဘတ်ထောင်ကျော်ရှုံးတယ်၊ သစ်တိုက်ဖို့အတွက် နှစ်တန်ဝင် ဖိုးဝီးကားတစ်စီးအတွက် ဘတ် ၄၀၀၀၊ အလုပ်သမားခ အတွက် ၂၅၀၀ ဘတ်၊ အခွန်မှာလည်း တစ်တန်ကို ၁၅၀၀ ဘတ်၊ ဒုလုံးသစ်တွေဝယ်ဖို့ တစ်တန်ကို ၁၅၀၀၊ စုစုပေါင်း တစ်သောင်းနီးပါးရှိသွားပြီး၊ ရောင်းဈေးက တစ်တန်ကို ၈၀၀၀ ဘတ်ပဲဆိုတော့ နှစ်ထောင်နီးပါးလောက်ရှုံးတယ်” ဟု အခြားသစ်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

နယ်စပ်ဒေသဘက်မှာသာမက ပြည်တွင်းဖြစ်သည့် သံဖြူဇရပ်ဘက်သို့ သွင်းလျှင်လည်း ငွေလက်ငင်းမရှိမှု၊ ပျဉ်းမနားမှသစ်များ မွန်ပြည်နယ်သို့ စီးဝင်လာနေသောကြောင့် သစ်အရောင်းအဝယ်မကိုက်ဟု ၄င်းက ဆက်ပြောသည်။

ယခုကဲ့သို့ သစ်များကို ထိုင်းဘက်မှ အဝယ်တော်ရှားပါးမှုနှင့် ဈေးနှုန်းအဆမတန်ကျဆင်းနေမှုသည် ယခုအချိန်သည် ဒုတိယအကြိမ်ဖြစ်ပြီး၊ ပထမတစ်ကြိမ်အဖြစ် ၁၉၉၇ ခုနှစ်မှာလည်း ပထမအကြိမ်အဖြစ် ကြုံတွေ့ခဲ့ဖူးသည်ဟု ဘုရားသုံးဆူမှ စီးပွားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
Myanmar Newsမြန်မာ့သတင်း