BNI Online

Wednesday, Feb 08th

Last update11:06:31 PM GMT

ENGLISH VERSION
You are here သတင်း မွန်အေဂျင်စီ စစ်အစိုးရ၏ အကျင့်ပျက်ခြစား အခွန်ကောက်သည့် အစီရင်ခံစာ အဲန်ဒီ ဘားမား ထုတ်ပြန်

စစ်အစိုးရ၏ အကျင့်ပျက်ခြစား အခွန်ကောက်သည့် အစီရင်ခံစာ အဲန်ဒီ ဘားမား ထုတ်ပြန်

လူ့အခွင့်အရေး မှတ်တမ်းကွန်ယက် (မြန်မာနိုင်ငံ) အဲန်ဒီ ဘားမားမှ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်၏ အခွန် ကောက်ခံမှုကို ဖိနှိပ်သည့် လက်နက်သဖွယ် အသုံးပြုနေကြောင်းကို မြင်သာအောင် “ဗိုက်မှောက်နေသည့် ဘဝများ” ဟု အမည်ပေးထားသည့် အစီရင်ခံစာကို ယနေ့မှာ ထုတ်ပြန်....

လူ့အခွင့်အရေး မှတ်တမ်းကွန်ယက် (မြန်မာနိုင်ငံ) အဲန်ဒီ ဘားမားမှ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်၏ အခွန် ကောက်ခံမှုကို ဖိနှိပ်သည့် လက်နက်သဖွယ် အသုံးပြုနေကြောင်းကို မြင်သာအောင် “ဗိုက်မှောက်နေသည့် ဘဝများ” ဟု အမည်ပေးထားသည့် အစီရင်ခံစာကို ယနေ့မှာ ထုတ်ပြန်လိုက်သည်။

“မြန်မာ တနိုင်ငံလုံးမှာ စစ်အစိုးရကနေ တရားမဝင် အခွန်ရော တရားဝင် အခွန်ရော ဖိအားပေး ကောက်ခံ နေတဲ့အတွက် ပြည်သူတွေ အတိဒုက္ခရောက်နေကြရတယ်” ဟု အဲန်ဒီ ဘားမား ဘုတ်အဖွဲ့၏ အကြံပေးပုဂ္ဂိုလ် ဦးတိတ်နိုင်က ပြောသည်။
forffr-300x173
ပြည်သူတို့၏ ဝင်ငွေနှင့် ပိုင်ဆိုင်မှုအတွက် မတန်မရာ အခွန် အချိုးအဆကို တရားဝင်နည်းအရနှင့် တရားမဝင် နည်းအရပါ ခြိမ်းခြောက်ဖိအားပေးခံရ၍ ယခင်ကထက် ပိုမိုရုန်းကန်ကာ အသက်ရှင် ရပ်တည်နေရသည်။

“ဘယ်နိုင်ငံမှာမဆို အခွန်ဆောင်ရတာပဲလေ၊ ဒါပေမဲ့ မြန်မာ စစ်အစိုးရကတော့ ဥပမာပေါ့နော်။ လမ်းသွား လမ်းလာ မြို့အဝင်ဂိတ်တွေကအစ အခွန်ဆောင်ရတယ်၊ ပြီးတော့ ပြည်သူတွေကို လုပ်အားပေး စေခိုင်း တာကအစ၊ လူတယောက်ရဲ့ လုပ်အားခကို မပေးဘဲ အဓမ္မ စေခိုင်းတာလဲ တရားရာကျတာ မဟုတ်ဘူး” ဟု ဦးတိတ်နိုင်က ပြောသည်။

စစ်အစိုးရမှ ရက်စက်စွာ အခွန်ကောက်ခံမှု ကျူးလွန်နေပုံကို နိုင်တကာ လူ့အဖွဲ့အစည်းများ သာမက မြန်မာနိုင်ငံ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် တိုင်းရင်းသားများ တန်းတူညီမျှခွင့် ရရှိရန်အတွက် လုပ်ဆောင်နေသော အခြားအဖွဲ့အစည်းများလည်း သိရှိစေလိုသည့် ရွည်ရွယ်ချက်ဖြင့် အဲန်ဒီ ဘားမားမှ ယင်းအစီရင်ခံစာကို ထုတ်ပြန် လိုက်သည်။

“ဒီအစီရင်ခံစာကို ထုတ်ပြန်လိုက်ခြင်းဖြင့် မြန်မာပြည်သူတွေ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ်၊ အခွန် တွေကို မတရား ဆောင်နေရတယ် ဆိုတာကို သိလာမယ်၊ ပြည်သူတွေက ဒီလိုမျိုး အခွင့်အရေးတွေ ချိုးဖောက် ခံနေရတယ် ဆိုတာ မသိကြဘူး။ ဒီအစီရင်ခံကို ထုတ်ပြန်လိုက်ခြင်းအားဖြင့် ပြည်သူတွေ သိလာမယ်၊ အဲဒီ အတွက် ဒီအစီရင်ခံစာက ပြည်သူတွေအတွက် အကျိုးသက်ရောက်မှုတွေ ရှိလာမှာပေါ့” ဟု ဦးတိတ်နိုင်က ဆက်ရှင်းပြသည်။

မြန်မာစစ်အစိုးရအပေါ်မှာလည်း ယခုလို ပြည်သူတွေအပေါ် မတရား အခွန်ကောက်ခံနေခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရပ်တန့်ပေးပါရန်လည်း စစ်အစိုးရကို တောင်းဆိုထားသည်။

မြန်မာပြည်သူများ အခြေခံ လူ့အခွင့်အရေးများ ဖြစ်သည့် သင့်တော်သော လူနေမှုအဆင့်အတန်း၊ အိမ်ယာ ပိုင်ဆိုင်ရေး၊ သင့်တော်သောပညာရေး ရရှိရန် အခွင့်အရေးနှင့် အတင်းအကျပ် ဖိအားပေး၍ လုပ်အားပေး ခိုင်းစေမှုမှ လွတ်ငြိမ်းခွင့် ရရှိရန် အခွင့်အရေးများ စနစ်တကျ ချိုးဖောက်ခံနေရသည်။

မွန်လူ့အခွင့်အရေး ဖောင်ဒေးရှင်းမှ နိုင်အွန်းမွန်က “မွန်ဒေသအတွင်းက စီးပွားရေး လုပ်ငန်းတွေဟာ ပိုပိုပြီးတော့ ညံ့လာတယ်၊ စီးပွားရေး အခြေအနေတွေက ပြန်လည်း ကောင်းမွန်လာမယ်လို့တော့ ကျနော့် အနေနဲ့ မထင်ဘူး၊ လုပ်ငန်းရှင်တွေ လယ်သမားတွေက ကုန်ဈေးနှုန်းနဲ့ ရာသီဥတုကြောင့် အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်။ ဒီပြဿနာတွေက အရင်ကတည်းက ရှိလာခဲ့တဲ့ ပြဿနာတွေပဲ၊ ဒါတွေအားလုံးက ပြည်သူတွေအပေါ် အာဏာရှင်ဆန်တဲ့ အခွန်ကောက်ခံမှုတွေပဲ ဖြစ်တယ်၊ စီးပွားရေး အခြေအနေနဲ့ အခွန်ဆောင်မှု တိုးမြင့် လာတဲ့ အတွက် ကျနော်တို့ မွန်ဒေသအတွင်းက လုပ်ငန်းတွေဟာလည်း ပြန်လည်ကောင်းမွန်လာဖို့ ဆိုတာ ဖြစ်မလာ နိုင်တဲ့ အနေအထားပဲ” ဟု  ပြောသည်။

အဲန်ဒီ ဘားမားသည် လူ့အခွင့်အရေးဆိုင်ရာများကို မှတ်တမ်းပြုနေသော အဖွဲ့အစည်း ၁၃ ဖွဲ့တို့ဖြင့် ၂၀၀၃ ခုနှစ်မှာ ဖွဲ့စည်းထားသည်။ ယခု ထုတ်ပြန်သည့် အစီရင်ခံစာတွင် အဲန်ဒီ ဘားမား အနေဖြင့် လူ့အခွင့်အရေး အဖွဲ့အစည်း ၁၃ ဖွဲ့မှ စုဆောင်းရရှိထားသည့် အချက်အလက် အပါအဝင် အဲန်ဒီ ဘားမားမှ ပြည်သူ ၃၄၂ ယောက်နှင့် တွေ့ဆုံမေးမြန်းထားပြီး ယင်းအစီရင်ခံစာကို ထုတ်ပြန်ခြင်း ဖြစ်သည်။

 

 

 

 

Myanmar Newsမြန်မာ့သတင်း