BNI Online

Wednesday, Feb 08th

Last update11:06:31 PM GMT

ENGLISH VERSION
You are here သတင်း ခိုနူမ်းထုန် အငြိမ်းစား ခရစ်ယာန် တရားဟောဆရာများကို အမတ်လောင်းအဖြစ် ယှဉ်ပြိုင်ခွင့် မပြု

အငြိမ်းစား ခရစ်ယာန် တရားဟောဆရာများကို အမတ်လောင်းအဖြစ် ယှဉ်ပြိုင်ခွင့် မပြု

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အငြိမ်းစား ခရစ်ယာန် သိက္ခာတော်ရ ပုဂ္ဂိုလ်များကို လာမည့် ရွေးကောက်ပွဲတွင် အမတ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင် ခွင့်မပြု....

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အငြိမ်းစား ခရစ်ယာန် သိက္ခာတော်ရ ပုဂ္ဂိုလ်များကို လာမည့် ရွေးကောက်ပွဲတွင် အမတ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင် ခွင့်မပြုကြောင်း သိရသည်။

ချင်းတိုးတက်ရေးပါတီ (စီပီပီ) မှ ချင်းပြည်နယ် ဖလမ်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် လျာထား သည့် အငြိမ်းစား ခရစ်ယာန် သိက္ခာတော်ရ ဦးဆန်ကျူံးကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပါဝင် ယှဉ်ပြိုင် ခွင့်မပြုခဲ့ကြောင်း ဖလမ်းမြို့ စီပီပီ ဒုဥက္ကဋ္ဌ ဦးနာ့ထန်းက ပြောသည်။

“ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အတွက် ဦးဆန်ကျူံးကို ပါတီဝင် အများစုရဲ့ ထောက်ခံမှုနဲ့ ရွေးချယ်ခဲ့တယ်၊ ဒါပေမယ့် ဒီလ ဒုတိယပတ်လောက်က ဗဟိုကော်မီရှင်ကနေပြီးတော့  ခရစ်ယာန် အငြိမ်းစား တရားဟော ဆရာတွေ နိုင်ငံရေးမှာ ပါဝင်ခွင့် မရှိဘူး ဆိုပြီး အကြောင်းကြားလာတယ်လေ” ဟု ပြောသည်။

ပူ့း ဆန်ကျုံးနေရာတွင် လက်ရှိ ဒုတိယ ဥက္ကဌ ဦးနာ့ထန်းကို ပါတီက အစားထိုး ရွေးချယ်လိုက်ကြသည်။

ယခုကဲ့သို့ ကော်မရှင်မှ ခွင့်မပြုခြင်းမှာ ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေတွင် သာသနာ့ဝန်ထမ်း ပုဂ္ဂိုလ်များသည် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့် မရှိစေရ ဆိုသည့် ပုဒ်မနဲ့   ငြိစွန်းစေခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။

ဆက်လက်ပြီး ဦးနာ့ထန်းက ကြံ့ဖွံ့ပါတီ (ယူအက်စ်ဒီပီ)သည်လည်း အစိုးရ အငြိမ်းစားတွေကို ကိုယ်စားလှယ် လောင်း အဖြစ် ရွေးကြသောကြောင့် ၄င်းတို့ ပါတီသည်လည်း အငြိမ်းစား သိက္ခာတော်ရတွေကို လျာထားခြင်း ဖြစ်ကြောင်း ဆိုသည်။

ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေသတွင် ထောင်ဒဏ်ကျခံနေသူ၊ စိတ်ပေါ့သွပ်သူ၊ လူမွဲအဖြစ် သက်ဆိုင်ရာမှ သတ်မှတ်ခံထားရသူ၊ နိုင်ငံခြားသား၊ နိုင်ငံခြား အစိုးရ၏ သြဇာခံယူသူ၊ နိုင်ငံခြား အစိုးရ၏ လက်အောက်ခံသူ၊ နိုင်ငံခြား တိုင်ပြည် တခုခု၏ အစိုးရ (သို့) ဘာသာရေး (သို့) အခြား အဖွဲ့အစည်း တခုခုမှ တစုံတရာ အထောက်အပံ့ လက်ခံရယူသုံးစွဲသူ၊ သာသနာ့ဝန်ထမ်း၊ နိုင်ငံဝန်ထမ်းများ ရွေးကောက်ပွဲတွင် ပါဝင်ခွင့် မရှိဟု ဆိုထားသည်။

အလားတူ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည)မှ ဖလမ်းမြို့ နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အတွက် လျာထားသည့် အငြိမ်းစား ခရစ်ယာန် တရားဟောဆရာသိက္ခာ တော်ရပုဂ္ဂိုလ် ဦးထန်ကိမ်း ကိုလည်း ဗဟိုရွေးကောက်ပွဲကော်မရှင်အဖွဲ့က ခွင့်မပြုခဲ့ကြောင်း  ထပ်မံသိရသည်။

ယခုကဲ့သို့ ခရစ်ယာန် အငြိမ်းစား သိက္ခာတော်ရ ဆရာများအား အမတ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့် မပြုခြင်းသည် မတရားသော လုပ်ရပ် ဖြစ်သည်ဟု ဖလမ်းမြို့ တစညပါတီဝင် တဦးက ပြောသည်။

“ကြံ့ဖွံ့ပါတီအတွက် အမတ်လောင်းတွေဟာလည်း အငြိမ်းစား အစိုးရ၀န်ထမ်းတွေပဲလေ၊ ဘာကြောင့် အငြိမ်းစား ခရစ်ယာန် သိက္ခာတော်ရ ဆရာတွေကို ပါဝင်ခွင့် မပြုသလဲဆိုတာ နားမလည်နိုင်ဘူး” ဟု ပြောသည်။

ချင်းပြည်သူများသည် ခရစ်ယာန်ဘာသာကို ယုံကြည်သူများ ဖြစ်သောကြောင့် တရားဟောဆရာ၊ ပါစတာများ ရွေးကောက်ပွဲ ၀င်လျှင်  လူထုထောက်ခံမူ ရရှိသွားမည်ကို အာဏာပိုင်များက စိုးရိမ်သောကြောင့် ယခုကဲ့သို့ ခွင့်မပြုကြခြင်း ဖြစ်ကြောင်း ဒေသခံပြည်သူတွေက ပြောကြသည်။

 

 

 

 

 

Myanmar Newsမြန်မာ့သတင်း