BNI Online

Wednesday, Feb 08th

Last update11:06:31 PM GMT

ENGLISH VERSION
You are here သတင်း ကေအိုင်စီ ပြည်ပရောက် ကရင်များ စစ်အစိုးရကို တပြိုင်နက်တည်း ကန့်ကွက်ဆန္ဒပြ

ပြည်ပရောက် ကရင်များ စစ်အစိုးရကို တပြိုင်နက်တည်း ကန့်ကွက်ဆန္ဒပြ

ကရင်တိုင်းရင်းသားများအပေါ် နအဖ စစ်တပ်၏ မတရားဖိနှိပ်သတ်ဖြတ်နေမှုများ ရပ်တန့်ပေးရန် နိုင်ငံ (၁၀)နိုင်ငံသို့ရောက်ရှိနေ သည့် ကရင် လူမှုအသိုင်းအ၀ိုင်းများက မတ်လ (၉)ရက်နေ့တွင် သက်ဆိုင်ရာနိုင်ငံများ ...

ကရင်တိုင်းရင်းသားများအပေါ် နအဖ စစ်တပ်၏ မတရား ဖိနှိပ် သတ်ဖြတ်နေမှုများ ရပ်တန့်ပေးရန် နိုင်ငံ (၁၀) နိုင်ငံသို့ ရောက်ရှိနေ သည့် ကရင်လူမှု အသိုင်းအ၀ိုင်းများက မတ်လ (၉)ရက်နေ့တွင် သက်ဆိုင်ရာနိုင်ငံများဆီမှ နအဖ စစ်အစိုးရထံ ဆန္ဒပြ တောင်းဆို ခဲ့ကြသည်။

karen-protest1အမေရိကန်၊ ကနေဒါ၊ သြစတြေးလျား၊ အင်္ဂလန်၊ မလေးရှား၊ ကိုရီးယား၊ နော်ဝေ၊ ဆွီဒင်၊ ဂျာမဏီနှင့် ဂျပန်နိုင်ငံများသို့ ရောက်ရှိ နေကြသည့် ကရင်လူမျိုးများက မိမိတို့သက်ဆိုင်ရာ နိုင်ငံအသီးသီးမှ တပြိုင်နက် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ လွန်ခဲ့သည့် ဇွန်လ လယ်ခန့်က ရွာသူရွာသား ၂၀၀၀ကျော်မှာ နအဖ စစ်တပ်၏ တိုက်ခိုက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသဖြင့် ၎င်းထိုးစစ်အ သစ်ကို ရပ်တန့်ပေးရန်လည်း တောင်းဆိုထားသည်။

နအဖ စစ်တပ်က ရွာသားများအား ပစ်သတ်မှု၊ စာသင်ကျောင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်မှု၊ ရွာသားတဦးအား ခေါင်းဖြတ်သတ် မှု၊ အိမ်ခြေ ၈၀ကျော် ဖျက်ဆီးခံရမှု၊ စာသင်ကျောင်းနှင့် ကျန်းမာရေး ဆေးပေးခန်း မီးရှို့ခံရမှု၊ စားနပ်ရိက္ခာများ ခိုးယူဖျက်ဆီးမှု များအပေါ် လက်တွေ့ကျသည့် ရပ်တန့်မှုများ ဆောင်ရွက်ပေးရန် အဆိုပါနိုင်ငံများမှ ကရင်လူမှုအသိုင်းအ၀ိုင်းက တောင်းဆိုထား သည်။

ထိုသို့ ဆန္ဒပြရာတွင် အချက်သုံးချက်ကို အဓိကထား တောင်းဆိုထားသည်ဟုလည်း ဂျာမဏီနိုင်ငံမှ ကရင်အမျိုးသားလူမှုအဖွဲ့အ စည်းမှ မန်းအောင်လွင်က ကေအိုင်စီကို ယခုလို ပြောသည်။

“ဂျာမဏီမှာက ကျနော်တို့တွေ လက်မှတ်ရေးထိုးပြီးတော့ ဂျာမဏီအစိုးရနဲ့ နိုင်ငံခြားရေးဌာနကို ပို့ပေးတယ်။ သဘောကတော့ ကျနော်တို့ ကရင်တွေကို တိုက်ခိုက်နေတဲ့ စစ်အစိုးရရဲ့ လုပ်ရပ်ကို သိရှိပြီး ၀ိုင်းဝန်းကူညီလုပ်ဆောင်ပေးဖို့ပါပဲ။ အဲဒီမှာ ကျနော်တို့ တောင်းဆိုထားတဲ့ အချက်သုံးချက်ထဲမှာ နိုင်ငံတကာဥပဒေကို ချိုးဖောက်မှုတွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ ချက် ချင်း ရပ်တန့်ပေးဖို့၊ ဥရောပကော်မရှင် ပါဝင်တဲ့ အစိုးရတွေက ဆေးဝါး၊ အစားအစာ၊ အမိုးအကာ စတာတွေ ကူညီပေးဖို့နဲ့ ကုလ သမဂ္ဂက စစ်ရာဇ၀တ် ကျူးလွန်မှုတွေကို စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး လုပ်ဆောင်သွားဖို့ပါပဲ”ဟု ဆိုသည်။

karen-protest2သြစတြေးလျားနိုင်ငံရှိ မြန်မာသံရုံးစိုက်ရာ ကမ်ဘာရာမြို့တွင် ဘားမားကဲန်ပိန်း(သြစတြေးလျား)၊  ဒီမိုကရေစီတပ်ပေါင်းစုနှင့် မွန် အမျိုးသားအစည်းအရုံးမှ ကိုယ်စားလှယ်များနှင့် ကရင်လူမျိုးများ စုစုပေါင်းလူဦးရေ ၂၀၀ကျော်က အခမ်းအနားတခု ပြုလုပ်ကာ နအဖ သံရုံးရှေ့၌ ဆန္ဒပြခဲ့ကြပြီး ထိုင်းသံရုံးသို့သွားရောက်ကာ ထိုင်းဘုရင်မင်းမြတ်အနေဖြင့် ထိုင်းနိုင်ငံရှိ ကရင်ဒုက္ခသည်များအ ပေါ် စာနာမှုပေးရန်နှင့် စစ်ဘေးကြောင့် ထွက်ပြေးလာကြသူများကို နေရပ်အတင်း ပြန်မပို့ရန် မေတ္တာရပ်ခံစာပေးပို့ခဲ့ကြသည်။

သြစတြေးလျား ကေအဲန်ယူ ဥက္ကဌ မန်းအော်လန်းဒိုက “နအဖတွေကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ကရင်တွေအ ပေါ် သတ်ဖြတ်မှုတွေ၊ မီးရှို့ဖျက်ဆီးမှုတွေ၊ မုဒိမ်းကျင့်မှုတွေ စတဲ့ရာဇ၀တ်မှုတွေကို ကုလသမဂ္ဂက စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ ပြီး စုံစမ်းပေးဖို့ တောင်းဆိုပါတယ်။ သြစတြေးလျားအစိုးရကလည်း ဥရောပနိုင်ငံများနဲ့ ငြိမ်းချမ်းရေးနိုဘဲလ်ဆုရှင်များ ပေါင်းပြီးဖွဲ့ စည်းထားတဲ့ ဒီစုံစမ်းစစ်ဆေးရေးကော်မရှင်ကို ၀ိုင်းဝန်းထောက်ခံလိုက်နာပေးဖို့ လက်မှတ်ထိုးပြီး ၀န်ကြီးချုပ် ကယ်ဘင်ရပ်ဆီ အိတ်ဖွင့်ပေးစာ ပို့ခဲ့တယ်”ဟု သြစတြေးလျားပါလီမန်ရှေ့တွင် ပြောကြားခဲ့သည်။

ယခုလို ဆန္ဒပြမှုကို သက်ဆိုင်ရာ နိုင်ငံများရှိ နအဖ သံရုံးများတွင် ပြုလုပ်ခဲ့သည့်အတွက် ဤသို့ တစုတစည်းတည်း ပြုလုပ်ခြင်း သည် နယ်စပ်ဒေသရှိ ကရင်တိုင်းရင်းသားများနှင့် လက်နက်ကိုင်ရဲဘော်များအတွက် စိတ်အားတက်ကြွစရာတခု ဖြစ်စေသည့်အ ပြင် သက်ဆိုင်ရာ နိုင်ငံများမှ အစိုးရများကလည်း နအဖ စစ်အစိုးရကို ပိုမိုဖိအားပေးလာနိုင်မည်ဟု မျှော်လင့်မိကြောင်း ဆန္ဒပြပွဲ တက်ရောက်ခဲ့သူ နော်လားလာက ပြောသည်။

နိုင်ငံတကာရောက် ကရင်လူထုများအနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် လူမျိုးတုန်းသတ်ဖြတ်နေမှုများအတွက် ကုလသမဂ္ဂ နှင့် နိုင်ငံတကာမှ နအဖ၏ စစ်ရာဇ၀တ်မှုများကို စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီး ၀င်ရောက်စုံစမ်းပေးရေး အဆိုပါ (၁၀)နိုင်ငံမှ အစိုးရများအနေဖြင့် ထောက်ခံကူညီပေးရန်အတွက် ရည်ရွယ်ဆန္ဒပြရခြင်းဖြစ်သည်ဟု သိရသည်။

karen-protest3



Myanmar Newsမြန်မာ့သတင်း