BNI Online

Wednesday, Feb 08th

Last update11:06:31 PM GMT

ENGLISH VERSION
You are here သတင်း ကေအိုင်စီ ရန်ကုန်တွင် ရွေးကောက်ပွဲဆိုင်ရာ ပြောဆိုမှုများ မလုပ်ရန် ၀န်ထမ်းအားလုံး တားမြစ်ခံရ

ရန်ကုန်တွင် ရွေးကောက်ပွဲဆိုင်ရာ ပြောဆိုမှုများ မလုပ်ရန် ၀န်ထမ်းအားလုံး တားမြစ်ခံရ

လုပ်ငန်းခွင်များတွင် လာမည့် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အကြောင်းအရာများကို ပြောဆိုဆွေးနွေးခြင်း၊ စာရွက်စာ တမ်းများ ဖြန့်ဝေခြင်း မပြုလုပ်ရန် ရန်ကုန်ရှိ ပုဂ္ဂလိကနှင့် အစိုးရ၀န်ထမ်းများအား ပြီးခဲ့သည့် အပတ်က တားမြစ်မှုများ ရှိနေ.....

လုပ်ငန်းခွင်များတွင် လာမည့် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အကြောင်းအရာများကို ပြောဆိုဆွေးနွေးခြင်း၊ စာရွက်စာ တမ်းများ ဖြန့်ဝေခြင်း မပြုလုပ်ရန် ရန်ကုန်ရှိ ပုဂ္ဂလိကနှင့် အစိုးရ၀န်ထမ်းများအား ပြီးခဲ့သည့် အပတ်က တားမြစ်မှုများ ရှိနေကြောင်း ရန်ကုန်မှ ၀န်ထမ်းအသိုင်းအ၀ိုင်းများအတွင်း ပြောဆိုနေကြသည်။

မြန်မာနိုင်ငံတွင် ကြက်မွေးမြူရေးနှင့် အသားလုံးလုပ်ငန်း လာရောက်လုပ်ကိုင်နေသည့် Myanmar CP ထိုင်း ကုမ္ပဏီတွင် သြဂုတ်လ ၂၇ ရက်နေ့က ၀န်ထမ်းများအားလုံးကို အရေးပေါ် အစည်းအဝေး ခေါ်ယူကာ စည်းကမ်းချက် ထုတ်လိုက်ကြောင်း ကုမ္ပဏီဝန်ထမ်း တစ်ဦးက ယခုလို ပြောသည်။

“ကုမ္ပဏီမှာ အစည်းအဝေး နေ့က စည်းကမ်းထုတ်တာလေ။ အလုပ်ထဲမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အကြောင်း အချင်းချင်း ပြောဆိုတာ၊ စာရွက်စာတမ်းတွေ မိတ္တူကူးတာ အင်တာနက်ကတဆင့် ဖြန့်တာတွေ၊ ဖုန်းကနေတဆင့် ပြောတာတွေကို လုံးဝ မလုပ်ရဘူးလို့ ၀န်ထမ်းရေးရာက ပြောတယ်” ဟု ကေအိုင်စီကို ပြောသည်။

အလားတူ ပြင်သစ် ကုမ္ပဏီ တခုတွင်လည်း ပြီးခဲ့သည့် အပတ်က ဌာနဆိုင်ရာများကို နိုင်ငံရေးနှင့် သက်ဆိုင် သော အလုပ်များတွင် ပါဝင်ဆောင်ရွက်မှု မရှိရန် ညွှန်ကြားထားပြီး ပါဝင်ပတ်သက်သည်ကို စုံစမ်းသိရှိရပါက ကုမ္ပဏီမှ အလုပ်ထုတ်မည်ဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အဆိုပါ စည်းကမ်းသတ်မှတ်ချက်မှာ ကုမ္ပဏီ ၀န်ထမ်းများကိုပင် မဟုတ်ဘဲ အစိုးရ၏ ဌာနဆိုင်ရာ ၀န်ထမ်းများကိုလည်း ကန့်သတ်ထားခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ခံ တစ်ဦးက ယခုလို ပြောပြသည်။

သူမက “အားလုံးကို အဲလိုပြောတာက ကုမ္ပဏီ၊ အစိုးရအလုပ်တွေ အားလုံးပေါ့။ လူတွေကလည်း ကိုယ့်ဘ၀ အတွက်ပဲ ရုန်းကန်နေရတာ။ အဲဒီလိုကိစ္စကြောင့် ခေါင်းရှုတ်လည်း မခံနိုင်ဘူးလေ။ တရားတာ မတရားတာလည်း မရှိဘူး။ ကိုယ့်ရဲ့ ရွေးချယ်ပိုင်ခွင့်လည်း မရှိဘူး” ဟု ဆိုသည်။

၎င်းအပြင် ပညာရေးဝန်ထမ်း တစ်ဦးကလည်း “ကျောင်းတွေမှာ အရင်အပတ်က အစည်းအဝေး ခေါ်ပြောတယ်။ အစိုးရ ကျောင်းတွေမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အကြောင်း မပြောရဘူး။ မဆွေးနွေးရဘူး။ အဖွဲ့အစည်း တွေမှာ မပါရဘူး။ စာရွက်စာတမ်းတွေနဲ့ စည်းရုံးပြောဆိုတာတွေ မရှိရဘူးတဲ့” ဟု ပြောသည်။

ယခုအချိန်တွင် ရန်ကုန်မြို့ရှိ အဲန်ဂျီအိုလုပ်ငန်းတွင် လာရောက်လုပ်ကိုင်နေကြသည့် နိုင်ငံခြားသားများမှာ မိမိနိုင်ငံသို့ ပြန်သွားကြသူများ ရှိသလို အချို့မှာ မပြန်ခင် လုပ်ငန်းကို မြန်မာဝန်ထမ်းများထံ တာဝန်လွဲအပ် ပေးနေကြောင်းလည်း သိရသည်။

“ရန်ကုန်မှာ NGO အလုပ်လာလုပ်နေကြတဲ့ နိုင်ငံခြားသားတွေ အခုကတည်းက တဖြည်းဖြည်းနဲ့ ကိုယ့်နိုင်ငံကိုယ် ပြန်ကြကုန်ပြီလို့ ပြီးခဲ့တဲ့ အပတ်ထဲမှာ NGO ရုံးတွေက သိရတယ်။ ရွေးကောက်ပွဲကာလမှာ သူတို့တွေကို နိုင်ငံထဲမှာ နေခွင့် မပေးဘူးလေ။ ဥပမာ visa မပေးတော့တာပေါ့။ ဒါကြောင့် ကျန်နေတဲ့ မြန်မာပြည်သား အလုပ်သမားတွေကို တာဝန်တွေ ခွဲပြီး လွဲပေးနေတယ်။ တချို့ကလည်း ပြန်ပြီ။ ဆက်ပြန်ရမဲ့ သူတွေလည်း ရှိသေးတယ်” ဟု အဲန်ဂျီအို အသိုင်းအ၀ိုင်းနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

ထိုကိစ္စနှင့် ပတ်သက်၍ လက်ရှိ စစ်အစိုးရက တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသော်လည်း ၎င်းတို့ ဌာနဆိုင်ရာ အလိုက် အသိပေးထားခြင်းသာ ဖြစ်ကြောင်း ၀န်ထမ်းများက ပြောဆိုနေကြသည်။

 

 

 

 

 

Myanmar Newsမြန်မာ့သတင်း