BNI Online

Wednesday, Feb 08th

Last update11:06:31 PM GMT

ENGLISH VERSION
You are here သတင်း ကေအဲန်ဂျီ ရှေ့ KIO နိုင်ငံရေးလမ်းစဉ်ပေါ် လူထုရှင်းလင်းပွဲပြုလုပ်

ရှေ့ KIO နိုင်ငံရေးလမ်းစဉ်ပေါ် လူထုရှင်းလင်းပွဲပြုလုပ်

မြန်မာစစ်အစိုးရက ”လက်နက်မချလျှင် ၁၉၉၄ အပစ်ခတ် မ ရပ်စဲမီ အချိန်သို့ ပြန်ရောက်သွားမည်” ဟု ရာဇဒဏ် ပေးထားသော်လည်း ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)သည် လက်နက်မစွန့်....

မြန်မာစစ်အစိုးရက ”လက်နက်မချလျှင် ၁၉၉၄ အပစ်ခတ် မ ရပ်စဲမီ အချိန်သို့ ပြန်ရောက်သွားမည်” ဟု ရာဇဒဏ် ပေးထားသော်လည်း ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)သည် လက်နက်မစွန့်ကြောင်း လူထုရှင်းလင်းပွဲတစ်ရပ်ကို စက်တင်ဘာ ၃ ရက် ယနေ့ ပြုလုပ်ခဲ့သည်။

ဤရှင်းလင်းပွဲကို KIO မှ သြဇာအရှိဆုံး ဒု-သဘာပတိ၊ ဒု-ဗိုလ်ချုပ်ကြီး အင်ဘန်လအောင် တာဝန်ယူ၍  ထုတ်ပြန် ကြေငြာချက်နှင့်စပ်လျဉ်း၍ ရှေ့ KIO(ကချင်) နိုင်ငံရေးလမ်းစဉ်သစ်အား ရှင်းပြခဲ့သည်။
090310-laiza
၎င်းကို ကချင်ပြည်နယ် တရုတ်-မြန်မာနယ်စပ် KIO မြို့တော်လိုင်ဇာ၊ Myu Lawt Wunli Lu ခန်းမတွင် မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၁ နာရီ ၄၅ ထိ ကျင်းပ ခဲ့ပြီး ဒေသခံလူထု ၁၀၀၀ ကျော် ကြားနာခဲ့ကြောင်း တက်ရောက် သူများ ပြောသည်။

”ဒီလူထုစည်းဝေးခေါ်တဲ့ အဓိကအကြောင်းက ပထမ အကြိမ်ပါတီကွန်ကရက်အပြီ့း ထွက်ရှိလာတဲ့ ” သြဂုတ် ၃၀၊ KIOထုတ်ပြန်ကြေငြာချက်” ကို ဖြေရှင်းချက် ပေးတာပါ၊ လူထုက ဘယ်လိုဖြစ်မလဲ၊ စစ်ပဲ ပြန်ဖြစ် လာမလား၊ သူတို့ရဲ့နောက်ဆုံးနေ့က စက်တင်ဘာ ၁ ရက်နေ့ဆိုတော့၊ လူတွေဟာစိတ်လှုပ်ရှားနေတဲ့အချိန်ပေါ့နော” ဟု တက်ရောက်ခဲ့သည့် မြို့ခံတစ်ဦးမှ ပြောသည်။

ဒု-သဘာပတိ က ”စစ် မ ဖြစ်စေရကြောင်း၊ ကြောက်စရာ မ ရှိကြောင်း၊ KIO သည် လက်နက် မချ၊ လက်နက် လည်း မအပ်ကြောင်း၊ ငြိမ်းချမ်းရေးကို ဦးတည်သွားမည်ဖြစ်ပြီး ငြိမ်းချမ်းရေး အရင် စ ဖျက်ဆီးသူသည် သမိုင်း၏ တရားခံဖြစ်မည်ဟု အပစ်ခတ်ရပ်စဲရေးပြုလုပ်ချိန် စစ်အစိုးရနှင့်နားလည်မှုယူထားသည်ကို” ရှင်းပြခဲ့ကြောင်း သိရ သည်။

“သူတို့ကစပြီး စလာပြီဆိုရင်တော့ သူ့အပြစ်ပေါ၊့ ကျနော်တို့ဘက်ကလည်း တတ်နိုင်သမျှပြင်ဆင်မှုတော့ရှိတာပဲ ဒီတစ်ခါ ကျနော်တို့လက်နက်ကိုင် KIA စစ်အနေနဲ့မဟုတ်တော့ဘူး၊ ပြည်သူ့စစ်အသွင် လူထုကနေပြီးတော့ ခုခံသွားမယ့်အပိုင်းမှာ ရှိတယ်၊ ဒီတော့ စပြီးတိုက်တဲ့သူကတော့ လူထုရဲ့တရားခံ တိုင်းပြည်ရဲ့ တရားခံဖြစ်လာ မှာပေါ့” ဟု ဒူကဘာ အင်ဘန်လ  ပြောကြားခဲ့ကြောင်း တက်ရောက်သူမှ ဆက်ပြောသည်။

KIO မှ စစ် မ ဖြစ်နိုင်၊ စိုးရိမ်ပူပန်မှု မ ရှိ ကြရန် ရှင်းလင်းခဲ့သော်လည်း ၎င်းတို့ထိန်းချုပ်နယ်မြေရှိ ဒေသခံ လူထုများသည် အမြဲသတိနဲ့ နေရပြီး စိုးရိမ်နေရသည်ဟု ဒေသခံတစ်ဦးပြောသည်။ ဆက်ပြီး ၎င်းမှ “သူတို့ လူကြီးတွေက အဲလိုပဲပြောပြော၊ ပြည်သူလူထုအနေနဲ့ ကတော့ အမြဲတမ်း စိတ်ချလက်ချ နေလို့ရတဲ့ အခြေအနေ မ ဟုတ်သေးဘူး” ဟု ဆက်ပြောသည်။

ဦးရဲမြင့် (ယခင် စစ်အစိုးရစစ်ဖက်ရေးရာလုံခြုံရေး (စရဖ) အကြီးအကဲ ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်)သည် ပြီးခဲ့သည့် သြဂုတ် ၂၂ရက်နေ့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌  KIO ခေါင်းဆောင်များနဲ့တွေ့ဆုံခဲ့ရာ ယခုလ စက်တင်ဘာလ ၁ရက်နောက်ပိုင်း လက်နက်ချရန် ပြောကြားခဲ့သည့်အပေါ် KIO မှ လက်နက်မစွန့်ဘဲ ငြိမ်းချမ်း စွာဖြင့် ဆက်လက်ဆွေးနွေးသွားလိုကြောင်း အကြောင်းပြန်ကြားခဲ့သည်။

KIO က ထာဝရ ငြိမ်းချမ်းရေးရရှိရန် ရည်မျှော်၍ နိုင်ငံတော်အစိုးရအဆက်ဆက်နှင့် ညှိနှိုင်းဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး စစ်မှန်သည့်ပြည်ထောင်စုကြီး ဖြစ်ပေါ်လာရန် ရည်မှန်းချက် ရှိသူများ အားလုံးနှင့် လက်တွဲကာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားပြီးဖြစ်သည်။


 

 

 

 

 

Myanmar Newsမြန်မာ့သတင်း