BNI Online

Thursday, Sep 02nd

Last update09:03:38 PM GMT

ENGLISH VERSION
You are here သတင်း မဇ္ဈိမ A (H1N1) တုပ်ကွေး ကာကွယ်ရေး နှာခေါင်းစည်းများ ပြတ်လပ်

A (H1N1) တုပ်ကွေး ကာကွယ်ရေး နှာခေါင်းစည်းများ ပြတ်လပ်



ရန်ကုန်။     ။ A (H1N1) လူတုပ်ကွေး ရောဂါပိုးရှိသူကို လွန်ခဲ့သည့် ၂ ရက်က မြန်မာနိုင်ငံ၌ တွေ့ရှိကြောင်း မြန်မာစစ်အစိုးရက ကြေညာပြီးနောက် ကူးစက်ခံရမည်ကို စိုးရိမ်သဖြင့် ရန်ကုန်ဒေသခံများသည် နှာခေါင်းစည်းများ အလုအယက် ဝယ်ယူကြရာ အရောင်းဆိုင်များ၌ ယနေ့ ပြတ်လပ်သွားသည်။
 
ရန်ကုန်မြို့ပေါ်ရှိ နာမည်ကြီး City mart အပါအဝင် ဆေးဝါး လက်လီအရောင်းဆိုင်များ၌ နှာခေါင်းစည်းများ ပြတ်လပ်ကုန်ပြီး၊ ဈေးကွက်အတွင်း တခုလျှင် ကျပ် ၁၅၀ ရှိရာမှ ယခု ၂ ရက်အတွင်း ကျပ် ၂၀၀ အထိ ဈေးတက်ခဲ့သလို၊ လမ်းဆုံများနှင့် ကားဂိတ်များ၌ လက်ကိုင်ရောင်းချများက တခုလျှင် ကျပ် ၄၀၀ အထိပင် ရောင်းချခဲ့ကြသည်။
 
မင်္ဂလာဈေးအတွင်းရှိ ဆေးဝါးရောင်းချသော ဆိုင်များ၌လည်း လက်ကျန် နှာခေါင်းစည်းများ အဝယ်လိုက်ခဲ့ပြီး လာမည့်ရက်ပိုင်းအတွင်း ပြတ်တောက်သွားဖွယ်ရှိကြောင်း မင်္ဂလာဈေး ၄ ထပ်ရှိ ဆေးဆိုင်ပိုင်ရှင်တဦးက ဆိုသည်။
 
ရန်ကုန်မြို့တွင်း၌ ဈေးသွားဈေးလာများ၊ ရုံးသွားရုံးလာများနှင့် ဘက်စ်ကားများပေါ်မကျန် နှာခေါင်းစည်း တပ်ထားသူ အများအပြား တွေ့မြင်နေရသည့်အတွက် သတင်းအချက်အလက် နည်းပညာ တိုးတက်လာမှုကြောင့် ယခုကဲ့သို့ ကျန်းမာရေးအသိပညာများ တိုးတက်လာခြင်းဖြစ်ကြောင်း အိုင်တီပညာရှင်တဦးက သုံးသပ်ပြောဆိုသည်။
 
ဈေးကွက်အတွင်း ပြတ်လပ်ကုန်သည့် အသက်ရှူလမ်းကြောင်းကာကွယ်ရေး mask (နှာခေါင်းစည်း) များအား စက်မှု ၁ ဝင်းသူဇာ အရောင်းဆိုင်များမှ ရောင်းချပေးသွားမည်ဟု သိရသော်လည်း မည်သည့် ဈေးနှုန်းနှင့် ရောင်းချမည်ကို မသိရသေးဘဲ လက်ရှိတွင်လည်း ရောင်းချမှု မရှိသေးပါ။
 
H1N1 ရောဂါပိုး ကူးစက်ခံထားရသူများ မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာမှုမှ ကာကွယ်ရန် လေဆိပ် အပါအဝင် နိုင်ငံအတွင်း ဝင်ပေါက်ထွက်ပေါက်များ၌ သေချာစွာ စစ်ဆေးနေကြောင်း နိုင်ငံပိုင် သတင်းမီဒီယာများကလည်း ထုတ်ပြန်ကြေညာနေသည်။
 
သို့သော်လည်း နိုင်ငံရပ်ခြားမှ ပြန်လာသူ မြန်မာနိုင်ငံသားများအနေဖြင့် မြန်မာနိုင်ငံမှ စစ်ဆေးမှုများသည် အားနည်းနေပြီး ယုံကြည်စိတ်ချဖွယ် မကောင်းကြောင်း ပြောဆိုသည်ကို မြန်မာဘလော့ဂ်အချို့၌ ရေးသားပြောဆိုနေကြသည်။


Myanmar Newsမြန်မာ့သတင်း