BNI Online

Wednesday, Feb 08th

Last update11:06:31 PM GMT

ENGLISH VERSION
You are here သတင်း မဇ္ဈိမ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ဗိုလ်မှူးကြီး နာဒါးမြ

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ဗိုလ်မှူးကြီး နာဒါးမြ

မြန်မာစစ်တပ်မှ ဒုဗိုလ်ချုပ်ကြီး ရဲမြင့်သည် ကရင်ငြိမ်းချမ်းရေးကောင်စီမှ ခေါင်းဆောင်များနှင့် မကြာသေးခင်က တွေ့ဆုံခဲ့ရာတွင် “ငါတို့ စစ်တပ်နဲ့ တနင်္ဂနွေနေ့ နောက်ဆုံးထားပြီး ပူးပေါင်းရင်ပူးပေါင်း၊ မပူးပေါင်းရင် ထို့ကော်ကိုး မြို့ပျက်စီးပြီး လူတွေအားလုံး အိုးမဲ့အိမ်မဲ့ ဖြစ်သွား....

 

မြန်မာစစ်တပ်မှ ဒုဗိုလ်ချုပ်ကြီး ရဲမြင့်သည် ကရင်ငြိမ်းချမ်းရေးကောင်စီမှ ခေါင်းဆောင်များနှင့် မကြာသေးခင်က တွေ့ဆုံခဲ့ရာတွင် “ငါတို့ စစ်တပ်နဲ့ တနင်္ဂနွေနေ့ နောက်ဆုံးထားပြီး ပူးပေါင်းရင်ပူးပေါင်း၊ မပူးပေါင်းရင် ထို့ကော်ကိုး မြို့ပျက်စီးပြီး လူတွေအားလုံး အိုးမဲ့အိမ်မဲ့ ဖြစ်သွားမယ်” ဟု ခြိမ်းခြောက်ခဲ့သည်ဟု ဆိုသည်။

ထိုကဲ့သို့ စစ်အစိုးရလက်အောက်ခံ နယ်ခြားစောင့်တပ် အသွင်းပြောင်းခဲ့လျှင် အမြော်အမြင်နည်းရာ ရောက် မည်ကို သိသဖြင့် ငြိမ်းချမ်းရေးကောင်စီခေါင်းဆောင်များသည် ရာဇသံကို ချက်ခြင်းပင် ငြင်းဆန်ခဲ့ကြပြီး ကာကွယ်ရေးအတွက် ပြင်ဆင်နေသည်ဟု ဆိုသည်။
Nerdah-HS
ကရင်ငြိမ်းချမ်းရေးကောင်စီသည် ကောင်းစွာ လက်နက် တပ်ဆင်ထားသော အဖွဲ့အစည်းဖြစ်သည်။ စာရေးသူ သည် M-60 နှင့် M-16 အသစ်စက်စက်များကို ထရပ်ကား တစီးစာ တွေ့မြင်ခဲ့ရပြီး ငြိမ်းချမ်းရေး ကောင်စီသည် ပေါက်ကွဲစေတတ်သော ခဲယမ်း မီးကျောက် ထောင်ပေါင်းများစွာကိုလည်း ပိုင်ဆိုင် ထားသည်။

ငြိမ်းချမ်းရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ တဦးက “မြန်မာစစ်တပ်ဟာ ငြိမ်းချမ်းရေး စာချုပ်ကို ချိုးဖောက်ပြီး စစ်ပွဲကိုစတင်လာခဲ့မယ်ဆိုရင် ကျနော်တို့ ကရင်တွေအနေနဲ့ တခြားရွေးစရာ နည်းလမ်း မရှိတော့ပါဘူး။ ကာကွယ်ဖို့အတွက် တတ်နိုင်သမျှ နည်းလမ်းပေါင်းစုံကို အသုံးပြုသွားမှာပါ” ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

“ဘာပဲဖြစ်ဖြစ် တချိန်က အန္တရာယ်ကင်းရှင်းပြီး လုံခြုံတဲ့ဒေသဖြစ်တဲ့ ထို့ကော်ကိုးဟာ လုံခြုံမှု မရှိတော့တဲ့ အတွက် ကလေးငယ်တွေအပါအဝင် မိသားစုတွေဟာ နယ်စပ်ကိုဖြတ်ကျော်ပြီး ထိုင်းနိုင်ငံထဲကို ဝင်ရောက် ကြရပါတော့မယ်။ ဒါပေမယ့် ထိုင်းက လက်ခံမယ် လက်မခံဘူး ဆိုတာကတော့ မသေချာပါဘူး” ဟု သူက ဆက်လက်ပြောဆိုခဲ့သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၏ တပ်ဖွဲ့တခုက ယမန်နေ့ညက ကြေညာခဲ့ရာတွင် ကရင် ငြိမ်းချမ်းရေး ကောင်စီအနေဖြင့် ထိုင်းမြန်မာနယ်စပ်သို့ မောင်းထုတ်ခြင်းခံရလျှင် ယင်းတို့အနေဖြင့် ကာကွယ် ပေးသွားမည်ဟု ဆိုသည်။

ဗိုလ်ချုပ်မြ၏ အကြီးဆုံးသားဖြစ်သူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဗိုလ်မှူးကြီး နာဒါးမြက “ကျနော်တို့ အားလုံးဟာ ကရင်တွေပါ။ ကရင်လူမျိုးတွေအနေနဲ့ တတ်နိုင်သမျှ ခုခံကြရမှာပါ” ဟုဆိုသည်။ သူက သူနှင့်သူ၏ တပ်ဖွဲ့သည် ကရင်ငြိမ်းချမ်းရေးကောင်စီအား မြန်မာစစ်အစိုးရမှ တိုက်ခိုက်လာခဲ့လျှင် ကရင် ငြိမ်းချမ်းရေး ကောင်စီဘက်မှ ကူညီသွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ နာဒါးမြ အဓိကစိုးရိမ်ပူပန် နေသော အချက်မှာ အရပ်သားများ အရေးပင်ဖြစ်သည်ဟု ဆိုသည်။

ထိုင်းနိုင်ငံသည် ထောင်နှင့်ချီသော ကရင် ဒုက္ခသည်များအား လက်ခံနိုင်ချေ သိပ်မရှိဟုလည်း ဆိုကြသည်။ မဲဆောက်နား တဝိုက်ရှိ Tha Son Yang၊ Phop Phra နှင့် Umphang ဒေသများ၌ အရေးပေါ် ပြင်ဆင်မှုများ ပြုလုပ်နေကြသော်လည်း ထိုင်းနိုင်ငံသည် ခိုလှုံရန်ကြိုးစားလာသူများအတွက် စည်းကမ်းများ တင်းကျပ်ထား သည်ဟု ဆိုသည်။

နယ်စပ်ဖြတ်ကျော် ခိုလှုံလာသူများမှာ တိုက်ပွဲများကြောင့် ထွက်ပြေးလာသူများ ဖြစ်ရမည့်အပြင် မည်သည့်ဘက် တွင်မှ ပါဝင်တိုက်ခိုက်ခဲ့ခြင်းမရှိမှသာ နေစရာနှင့် အစားအစာများ ရရှိပေလိမ့်မည်။ တဘက်ဘက်မှ ပါဝင် တိုက်ခိုက်သူများနှင့် ယင်းတို့၏ မိသားစုများကို ခိုလှုံခွင့်ပေးလိမ့်မည် မဟုတ်ချေ။

ကန်ချနဘူရီနှင့် ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင် ဒေသများကို ထိန်းချုပ်တာဝန် ယူထားသည့် ထိုင်း တတိယ တပ်မကမူ မြန်မာစစ်အစိုးရနှင့် ကရင်ငြိမ်းချမ်းရေးကောင်စီ၏ အငြင်းပွားမှုများသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိစ္စသာ ဖြစ်သည်ဟူသည့်မူကို ဆက်လက်ကိုင်စွဲထားသည်။

ထိုင်းမြန်မာ နယ်စပ်ရှိ အန်ဂျီအိုများ အနေဖြင့် မြန်မာစစ်အစိုးရနှင့် ကရင်ငြိမ်းချမ်းရေး ကောင်စီအကြား တင်းမာမှု အခြေအနေ အရပ်ရပ်ကို စိုးရိမ်ပူပန် နေကြသော်လည်း လူပေါင်း တသိန်းခန့် အထိ ထွက်ပြေးခိုလှုံ လာလိမ့်မည် ဆိုသည်ကိုမူ သံသယ ရှိနေကြသည်။

ထို့ပြင် နိုင်ငံတကာမှ အလှူရှင်များသည် ကရင်ပြည်နယ်အတွင်း ဆယ်စုနှစ် ခြောက်ခုကျော်ခန့် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများကြောင့် ဒုက္ခရောက်သူများကို လှူဒါန်းနေရသည်မှာ လက်ပန်းကျလာပြီ ဖြစ်သဖြင့် အကူအညီ များလည်း လျော့ကျနေသည်။ ထို့ကြောင့် ဒုက္ခသည်များအား အကူအညီပေးနေသည့် အဖွဲ့အစည်းများ အနေဖြင့် သောင်းနှင့်ချီသော ဒုက္ခသည်များ ရောက်ရှိလာမည်ကို စိုးရိမ်နေကြသည်။

သို့သော် မြန်မာစစ်တပ်အနေဖြင့် ထိုင်းနယ်စပ်ရှိ ထို့ကော်ကိုးမြို့အား စစ်ဆင်ရှင်းလင်းရေး ပြုလုပ်ခဲ့လျှင် ယမန် နှစ်က ကရင်ဒုက္ခသည်များ ထိုင်းနိုင်ငံဘက်ခြမ်း Tha Son Yang သို့ ထွက်ပြေး ခိုလှုံခဲ့ကြသည့် အရေအတွက် ထက် မနှိုင်းယှဉ်သာအောင် များပြားပေလိမ့်မည်။ ယမန်နှစ် ဇွန်နှင့် ဇူလိုင်လများက မြန်မာစစ်တပ်နှင့် မဟာမိတ် ဖြစ်သည့် တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ်မတော်သည် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ၏ တပ်မဟာ ၇ အား ထိုးစစ်ဆင်ခဲ့ရာတွင် ဒုက္ခသည် ၆,၅ဝဝ ခန့် ထိုင်းနိုင်ငံဘက်ခြမ်း Tha Son Yang သို့ ထွက်ပြေးခိုလှုံခဲ့ကြရသည်။

ထိုကဲ့သို့ အစုလိုက်အပြုံလိုက် ခိုလှုံလာကြလျှင် ကပ်ဆိုက်သကဲ့သို့ အခက်အခဲများ ဖြစ်လာနိုင်ပြီး NGO အဖွဲ့ အစည်းများ အနေဖြင့် ဒုက္ခသည်များအား အခြေခံလိုအပ်ချက်များဖြစ်သော နေရာထိုင်ခင်း၊ အစားအစာ၊ ဆေးဝါးများ ထောက်ပံ့ရန်နှင့် သန့်ရှင်းရေးစနစ်များ စီစဉ်ပေးရန် မနိုင်မနင်းဖြစ်လာနိုင်သည်။



 

 

 

Myanmar Newsမြန်မာ့သတင်း