BNI Online

Wednesday, Feb 08th

Last update11:06:31 PM GMT

ENGLISH VERSION
You are here သတင်း မဇ္ဈိမ အလုပ်သမား အခွင့်အရေး ချိုးဖောက်နိုင်ငံ

အလုပ်သမား အခွင့်အရေး ချိုးဖောက်နိုင်ငံ

ကမ္ဘာပေါ်တွင် အလုပ်သမား အခွင့်အရေး အချိုးဖောက်ဆုံး ၁၄ နိုင်ငံထဲတွင် မြန်မာပါဝင်ကြောင်း အမေရိကန် အခြေစိုက် လူ့အခွင့်ရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ Freedom House ၏ ယခုနှစ် အစီရင်ခံစာတွင် ဖော်ပြ....

ကမ္ဘာပေါ်တွင် အလုပ်သမား အခွင့်အရေး အချိုးဖောက်ဆုံး ၁၄ နိုင်ငံထဲတွင် မြန်မာပါဝင်ကြောင်း အမေရိကန် အခြေစိုက် လူ့အခွင့်ရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ Freedom House ၏ ယခုနှစ် အစီရင်ခံစာတွင် ဖော်ပြ လိုက်သည်။

သြဂုတ်လ ၃၁ ရက်နေ့က ထုတ်ပြန်သော Freedom House အစီရင်ခံစာတွင် အလုပ်သမား အခွင့်အရေး အချိုးဖောက်ခံရဆုံး ၁၄ နိုင်ငံအနက် အာရှ-ပိစိဖိတ်ဒေသမှ ၄ နိုင်ငံ ပါဝင်ပြီး မြန်မာနိုင်ငံသည် ထိပ်ဆုံးတွင် ပါရှိခြင်း ဖြစ်သည်။

မြန်မာနောက်တွင် လာအို၊ မြောက်ကိုးရီယားနှင့် ဗီယက်နမ်နိုင်ငံများ ကပ်လျက်တည်ရှိပြီး၊ မြန်မာနိုင်ငံတွင် အလုပ်သမားများ ဆန္ဒပြခွင့်၊ လွတ်လပ်သည့် သမဂ္ဂဖွဲ့စည်းခွင့်တို့ မရှိသလို၊ အလုပ်သမား အခွင့်အရေး လှုပ်ရှားသူများလည်း ဖမ်းဆီးခံရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

"မြန်မာနိုင်ငံမှာ လွတ်လပ်စွာ အသင်းဖွဲ့စည်းခွင့် မရှိတဲ့အပြင် သူတို့ရဲ့ အခြေအနေတွေ၊ အခက်အခဲတွေကို အလုပ်ရှင်ကိုပဲဖြစ်ဖြစ်၊ အစိုးရကိုပဲဖြစ်ဖြစ် တောင်းဆိုခွင့် မရှိဘူး။ ဒါက အခြေခံ အလုပ်သမား အခွင့်အရေးကို ချိုးဖောက်နေတာပဲ။ နိုင်ငံတကာက လက်ခံထားတဲ့အတိုင်း အလုပ်သမားတွေ လွတ်လပ်စွာ စည်းရုံးခွင့် ရဖို့၊ နောက်တခါ စုပေါင်းတောင်းဆိုမှုတွေ ရဖို့ လုပ်မယ်၊ ဆန္ဒပြခွင့်ရဖို့ကို ကျနော်တို့ ဆက်လုပ်သွားမယ်’’ ဟု ပြည်ပအခြေစိုက် မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် FTUB အထွေထွေ အတွင်းရေးမှူးချုပ် ဦးမောင်မောင်က မဇ္ဈိမကို ပြောသည်။

မြန်မာပြည်တွင်း၌ တရားဝင် အလုပ်သမားသမဂ္ဂ ပေါ်ပေါက်ရေးအတွက် ဦးဆောင်ကြိုးပမ်းနေသည့် ဦးပါလေး ကလည်း ပုဂ္ဂလိက လုပ်ငန်းများထက် အစိုးရဌာနများတွင် အလုပ်သမား အခွင့်အရေး အများဆုံး ချိုးဖောက် ခံနေရ သည်ဟု ဆိုသည်။

“အစိုးရဌာနတွေမှာ ချိုးဖောက်ခံရတာ အများဆုံး တွေ့ရတယ်။ အလုပ်သမား ဝန်ထမ်းတွေရဲ့ လစာတွေကို ဖြတ်သုံးတာတွေ ရှိတယ်။ လျော်ကြေး မပေးတာတွေ ရှိတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

ဝန်ထမ်းများအကြား အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရခြင်းမှာ ဥပဒေရေးရာများနှင့် ရပိုင်ခွင့် အခွင့် အရေးများ သိရှိနားလည်မှု မရှိသည်ကို အသုံးချကာ အထက်အရာရှိများက အလုပ်သမားများကို အလုပ်မှ ထုတ်ပယ်ပြီး ယင်းတို့၏ လစာများကို ထုတ်ယူသုံးစွဲမှုများ ရှိနေကြောင်း မြန်မာအလုပ်သမား အသိုင်းအဝိုင်းက ပြောဆိုလေ့ရှိသည်။

ဦးပါလေးက “ကျနော့်အသိတယောက်ဆိုရင် သူက မီးရထားသံလမ်း အလုပ်သမားပါ။ ပင်စင်ယူခါနီး အလုပ် ခွင်မှာ မျက်စိ ကျောက်ထိပြီး ဆေးရုံတက်ရတယ်။ ဂျိုင်းမှာ အနာပေါက်လို့ ခွင့်ယူရတယ်။ ၂ဝဝ၂ ခုနှစ် ပင်စင် ယူခါနီးမှာ ခွင့် ၂၁ ရက် ယူလို့ဆိုပြီး အထက်အရာရှိက ပင်စင်မရတော့ဘူးဆိုပြီး နှုတ်ကနေပြောပြီး နေလာ လိုက်တာ ၂ဝဝ၇ ကျမှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်မှတ်နဲ့ သူ့ဆီကို ဝန်ထမ်းကောင်းတံဆပ် ရောက်လာမှ အလုပ်မပြုတ်သေးဘူးဆိုတာ သိတယ်” ဟု ရှင်းပြသည်။

အစိုးရ အလုပ်ဌာနများနှင့် စက်ရုံအလုပ်ရုံများတွင် အလုပ်ရရှိရန်နှင့် အလုပ်ပြောင်းရန် မလွယ်ကူခြင်း၊ ထုတ်ပြန် ထားသော စည်းမျဉ်းစည်းကမ်း၊ ဥပဒေများကြောင့် အလုပ်သမားများမှာ အခက်အခဲများကို တင်ပြပြောဆိုခြင်း မရှိသကဲ့သို့ အချို့မှာ မသိနားမလည်ခြင်းကြောင့် အခွင့်အရေး ချိုးဖောက်ခံရမှုများလည်း ရှိနေသည်။

အလုပ်သမား အခွင်အရေး ချိုးဖောက်ခံရမှုများနှင့် ပတ်သက်၍ အကာအကွယ်ပေးရန်အတွက် ဦးပါလေး အပါအဝင် လှုပ်ရှားတက်ကြွသူ အချို့က မြန်မာနိုင်ငံ အမျိုးသား အလုပ်သမား၊ လယ်သမားများ သမဂ္ဂ ဖွဲ့စည်းနိုင်ရေးအတွက် ယခုနှစ် ဇွန်လက စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ခွင့်ပြုချက် တောင်းခံခဲ့သော်လည်း ဖွဲ့စည်းခွင့် မရရှိခဲ့ပါ။

စားဝတ်နေရေး ကျပ်တည်းလာမှုကြောင့် လုပ်ခလစာ တိုးမြှင့်ပေးရေးနှင့် လုပ်ငန်းခွင် ကောင်းမွန်ရေးတို့အတွက် စုစည်းမှုရှိသော ပုဂ္ဂလိကစက်ရုံ လုပ်သားများ၏ ဆန္ဒပြမှုများ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလမှစ၍ အနည်းဆုံး ၁ဝ ကြိမ်ခန့် မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သည်။

မြန်မာအစိုးရက အလုပ်သမား အခွင့်အရေး လှုပ်ရှားတက်ကြွသူများကိုလည်း ဖမ်းဆီးကာ နှစ်ရှည် ထောင်ဒဏ် များ ချမှတ်လျက်ရှိကြောင်း Freedom House အစီရင်ခံတွင် ဖော်ပြထားသေးသည်။

မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် FTUB ကိုလည်း အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာ ထားသည့် အပြင် သင်္ဘောသားများအရေး ဆောင်ရွက်နေသည်  မြန်မာနိုင်ငံ ပင်လယ်ပျော်များ သမဂ္ဂကိုလည်း မတရားအသင်းအဖြစ် ကြေညာထားသည်။

"အကြမ်းဖက်အသင်းလို့ ကြေညာထားလည်း ဂရုမစိုက်ပါဘူး။ နအဖ က သူတို့ ချုပ်ကိုင်လို့မရတဲ့ အသင်းဆိုရင် ဒီလိုပဲ မတရားအသင်း၊ အကြမ်းဖက်အသင်း ကြေညာတာတွေ ရှိပါတယ်။ ကျနော်တို့ အခြေခံ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံနေရတာကို ဖော်ထုတ်နေတာပါ” ဟု ဦးမောင်မောင်က ပြောသည်။

FTUB အဖွဲ့ဝင်ပေါင်း အနည်းဆုံး ၃၆ ဦးထက်မနည်းကို စစ်အစိုးရက ထောင်ဒဏ် ၇ နှစ်မှ တသက်တကျွန်း အထိ ချမှတ်ထားကြောင်းနှင့် အခြားအဖွဲ့များမှ အလုပ်သမားအခွင့်အရေး တက်ကြွလှုပ်ရှားများလည်း ပြစ်ဒဏ်ကျခံရ မှုများ ရှိနေကြောင်း ဦးမောင်မောင်ကလည်း ပြောဆိုသည်။

 

 

 

 

 

 

Myanmar Newsမြန်မာ့သတင်း