BNI Online

Wednesday, Feb 08th

Last update11:06:31 PM GMT

ENGLISH VERSION
You are here သတင်း မဇ္ဈိမ ဘီဘီစီ တပ်ကိုခွဲနေသည်ဟု စစ်အစိုးရစွပ်စွဲ

ဘီဘီစီ တပ်ကိုခွဲနေသည်ဟု စစ်အစိုးရစွပ်စွဲ

ပြည်ပအခြေစိုက် BBC အသံလွှင့်ဌာနသည် တပ်မတော်ကို ပြိုကွဲစေရန် မမှန်သတင်းများ ထုတ်လွှင့်နေသည်ဟု စစ်အစိုးရအာဘော် မြန်မာ့အလင်း သတင်းစာက ယနေ့ဖော်ပြ....

ပြည်ပအခြေစိုက် BBC အသံလွှင့်ဌာနသည် တပ်မတော်ကို ပြိုကွဲစေရန် မမှန်သတင်းများ ထုတ်လွှင့်နေသည်ဟု စစ်အစိုးရအာဘော် မြန်မာ့အလင်း သတင်းစာက ယနေ့ဖော်ပြသည်။

ပဲခူးတိုင်း၊ ပြည်ခရိုင် အင်းမကျေးရွာ အခြေစိုက် တပ်မ ၆၆ လက် အောက်ခံ တပ်ရင်းတခုတွင် ပစ်ခတ်မှုဖြစ်ပွား ခဲ့သည့် သတင်း၊ ရန်ကုန်တိုင်း ရဲမွန်တပ်မြို့ အခြေစိုက် အမှတ် (၁၁) ခြေမြန်တပ်မဌာနချုပ်မှ တပ်မှူး တပ်သားများ ဝန်ထမ်းစုငွေပြန်မရသဖြင့် အမိန့်မနာခံမှုများ ဖြစ်နေသည်ဆိုသည့်သတင်းများ မဟုတ်မှန်ဟု ဆောင်းပါးရေးသားစွပ်စွဲထားသည်။

ကိုကဲဆိုသူက သူ၏ "ခလောက်ဆန် အကောက်ကြံ လေလှိုင်းသံ လူသတ်သမား" ဆောင်းပါးတွင် ရဲမွန် တပ်မြို့တခုလုံးသည် BBC ထုတ်လွှင့်သကဲ့သို့မဟုတ်ပဲ အေးဆေးတည်ငြိမ်ပြီး တပ်ရင်းအားလုံးမှာလည်း “စည်းလုံးညီညွတ်” လျက်ရှိကြောင်း၊ အာဏာ ဖီဆန်မှုလည်း မရှိဘဲ ယခုဆိုလျှင် တပ်မမှူးဒိုင်း ဘောလုံးပြိုင်ပွဲ ကြီးပင် ကျင်းပနေသည်ဟု ရေးသည်။

BBC မြန်မာပိုင်းအစီအစဉ် နှစ် ၇ဝ ပြည့်နှင့် အချိန်ကိုက် ဖော်ပြပြီး ပြည်တွင်းပြည်ပ သစ္စာဖောက်ပုဆိန်ရိုးများနှင့် အနောက်ပြည်ပ BBC အသံလွှင့်ဌာနတို့ ပူးပေါင်း၍ တပ်မတော်ကို အင်အားချည့်နဲ့ “ပြိုကွဲ” သွားစေရန် လိမ်ညာ ထုတ်လွှင့် နေသည်ဟု ဆိုသည်။

BBC မြန်မာဌာနကမူ စွပ်စွဲချက်များကို ငြင်းဆိုလိုက်ပြီး ခိုင်လုံသည့် “အထောက်အထား” များအရ သတင်း မှန်ကန်သည် ယူဆသဖြင့် ထုတ်လွှင့်ခဲ့သည်ဟု တုန့်ပြန်လိုက်သည်။

BBC မြန်မာဌာနမှူး ဒေါ်တင်ထားဆွေက “တကယ်လို့ ဒီသတင်းမှားတယ်ဆိုရင် သက်ဆိုင်ရာ အာဏာပိုင်တွေ အနေနဲ့ BBC ကို တိုက်ရိုက် တွေ့ဆုံမေးမြန်းခွင့်ပြုရမှာပေါ့။ အဲဒီအခါမှ မှန် မမှန် အာဏာပိုင်တွေဘက်က ပြောလို့ရမယ်။ BBC အနေနဲ့ အမြဲပဲ တွေ့ဆုံမေးမြန်းခွင့်တောင်းနေပါတယ်” ဟုဆိုသည်။

သို့သော် ဌာနမှူးညွှန်းသည့် အထောက်အထားများနှင့် ပတ်သက်၍ မေးမြန်းရာတွင် သတင်းထောက်သည် သတင်းရင်းမြစ်ကို ကာကွယ်ရမည့် တာဝန်ရှိပြီး ထုတ်ဖော်ပြောဆိုရန် “ငြင်းပိုင်ခွင့်” လည်းရှိသည်ဆိုကာ ဖြေကြားခြင်းမပြုပါ။

ထူးခြားချက်တခုမှာ ယမန်နေ့ သတင်းစာတွင် ယင်းတပ်မ၏ တပ်မမှူးဒိုင်း မိုးရာသီဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်း အနား သတင်းကို ကြိုတင်ဖော်ပြခဲ့ခြင်းဖြစ်သည်။ တပ်မမှူးနှင့် အရာရှိများ အတူတကွ ပွဲကြည့်နေပုံကို သတင်း ဓာတ်ပုံ အဖြစ်လည်း ဖော်ပြထားသည်။ သို့သော် တပ်မမှူးအမည်ကို ဖော်ပြမထားပေ။

ပြည်ပရောက် တပ်မှူးဟောင်းတဦးကမူ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်မှူးကြီး စောမောင် တို့၏ ဓာတ်ပုံများ  စစ်ရုံးများမှ ဖြုတ်ချခြင်းပေါ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ မှတ်တမ်းနှင့် သမိုင်း ကြောင်း ဖျက်သည်ဟု ယူဆချက်နှင့် တပ်မှူးများအကြား အမြင်မကြည်လင်မှုများ ရှိနေသည်ဟု ထောက်ပြသည်။

စစ်တပ်အရာရှိများ အဂတိလိုက်စားမှုနှင့်ပတ်သက်၍လည်း “ပေါ်တာခ အောက်ကို ချမပေးဘူးဗျာ။ ပေါ်တာရိက္ခာ၊ စစ်သည်အတွက် အပိုဆောင်းရိက္ခာတွေ ရောင်းစားတာရှိတယ်။ Army Rum ချမပေးဘူး။ ဆေးတွေ ရောင်းစား တယ်။ ရှေ့တန်းကျတော့ ဆေးတွေအပြည့်အစုံပါမလာဘူး” ဟု တပ်မှူးဟောင်းက ဆိုသည်။

ထိပ်ပိုင်းခေါင်းဆောင်များနှင့် တပ်မှူးများအကြား သူ့ဘက်ကိုယ့်ဘက် အကွဲအပြဲများ ရှိနေသည်ဟု လေ့လာသူ များက သုံးသပ်ပြောဆိုလေ့ရှိသော်လည်း တပ်မှူးဟောင်းကမူ ယင်းသုံးသပ်မှုများသည် အတိုင်းအတာတခုအထိ မှားသည်ဟု ဆိုသည်။

“ကွဲရင်တော့ဗျာ သွေးထွက်သံယိုဖြစ်ပြီပေါ့။ ကွဲပြီဆိုရင် ထိကွဲကွဲမှာပဲ။ အပျော့ကွဲကွဲတာတော့ မရဘူးဗျ။ လက်နက် ကိုင်ထားကြတာကိုး” ဟု သူကပြောသည်။

အထက်အောက် မကျေနပ်မှုတခုမှာ အောက်ခြေအဆင့်ဆင့်အား စစ်တပ်ပိုင်ဦးပိုင်လီမိတက်၌ အတင်းအကျပ် ငွေစုခိုင်းပြီး စားဝတ်နေရေးအကျပ်အတည်းကြောင့် ရဲဘော်များက ငွေပြန်လိုချင်သောအခါ ထုတ်မပေးခြင်း ဖြစ်သည်။

BBC မှ လွှင့်သွားသော ရဲမွန်တပ်မသတင်းတွင်လည်း ဝန်ထမ်းစုဆောင်းငွေ ပြန်ထုတ်မပေးသောကြောင့် တပ်တွင်းအမိန့်မနာခံမှုများဖြစ်ပေါ်ခဲ့သည် ဆိုသည်။ ယင်းအချက်ကိုလည်း ဆောင်းပါးရှင် ကိုကဲက မဟုတ်မှန်ဟု ငြင်းဆိုထားသည်။

 

 

 

 

 

Myanmar Newsမြန်မာ့သတင်း