BNI Online

Wednesday, Feb 08th

Last update11:06:31 PM GMT

ENGLISH VERSION
You are here သတင်း မဇ္ဈိမ တစညက ကြံ့ဖွံ့နှင့် ယှဉ်မည်

တစညက ကြံ့ဖွံ့နှင့် ယှဉ်မည်

၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၁ဝ နေရာသာ အနိုင်ရခဲ့သည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည) က ယခုနှစ် ရွေးကောက်ပွဲတွင် အဓိကပြိုင်ဘက်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးနှင့် တိုင်းရင်းသားပါတီများ ဖြစ်....

၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၁ဝ နေရာသာ အနိုင်ရခဲ့သည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည) က ယခုနှစ် ရွေးကောက်ပွဲတွင် အဓိကပြိုင်ဘက်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးနှင့် တိုင်းရင်းသားပါတီများ ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

ကြံ့ဖွံ့ပါတီ USDP သည် ကိုယ်စားလှယ်လောင်း ၁ဝဝဝ ကျော်ဖြင့် အင်တိုက်အားတိုက် ဝင်ပြိုင်မည့်အပြင် နယ်မြေခံ တိုင်းရင်းသား ပါတီများကလည်း ဒေသခံလူထု၏ ထောက်ခံမှုကို ရယူထားနိုင်သဖြင့် ၎င်းပါတီများကို အဓိက ပြိုင်ဘက်အဖြစ် သတ်မှတ်ရကြောင်း ပြောဆိုခြင်း ဖြစ်သည်။

“USDP ကလည်း ကိုယ်စားလှယ်လောင်း ၁ဝဝဝ ကျော် စာရင်းသွင်းပြီး မှတ်ပုံတင်ထားတယ်။ အင်အားလည်း များတဲ့အခါကျတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ ယှဉ်ပြိုင်ရမယ့် အနေအထားမျိုး ရှိပါတယ်” ဟု ပါတီ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဟန်ရွှေက မဇ္ဈိမကို ပြောသည်။

တစညသည် ၉ဝ ရွေးကောက်ပွဲတွင် ၄၃၁ နေရာ ယှဉ်ပြိုင်ခဲ့ရာမှ ယခုနှစ်တွင် တိုင်းနှင့် ပြည်နယ် ၁၄ ခုစလုံးရှိ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ၃ ရပ်စလုံးတွင် ယှဉ်ပြိုင်မည်ဖြစ်ကာ၊ ရွေးကောက်ပွဲ ကော်မရှင်သို့ ကိုယ်စားလှယ်လောင်း ၉၈ဝ ဦး စာရင်းတင်သွင်းထားသည်။

၉၈ဝ အနက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်တွင် ၅၃ဝ ကျော်၊ ပြည်သူ့လွှတ်တော်တွင် ၂၉ဝ ကျော်နှင့် အမျိုးသားလွှတ်တော်တွင် ၁၄ဝ ကျော် ဝင်ရောက်သွားမည်ဖြစ်သည်။

“ကျနော်တို့က ရှမ်းပြည်မှာ ဝင်မယ်။ ဦးစိုင်းအိုက်ပေါင်းတို့ရဲ့ ပါတီကလည်း ဝင်ပြိုင်တဲ့အခါ အဲဒီမှာ ကျနော် တို့ရယ်၊ ကြံ့ခိုင်ဖွံ့ဖြိုးရယ် ဦးစိုင်းအိုက်ပေါင်းတို့ ပါတီရယ် အဲဒါတွေက ပြိုင်ဘက်ဖြစ်လာမှာပါပဲ။ အဲဒီတော့ ကျနော်တို့နဲ့ ကြံခိုင်ဖွံ့ဖြိုးရေး ၂ ခုထဲတင် မဟုတ်ပါဘူး။ တိုင်းရင်းသား နယ်ခံပါတီတွေနဲ့ပါ ယှဉ်ရမှာပါ” ဟု ဦးဟန်ရွှေက ပြောသည်။

မိမိတို့ပါတီသည် အစိုးရက ရွေးကောက်ပွဲကျင်းပမည်ဟု ကြေညာခဲ့သည့် ၂ဝဝ၈ ခုနှစ် နှစ်ဆန်းပိုင်း ကာလကပင် ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်ခဲ့သည့်အတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်ရန် ခွင့်ပြုချိန် ၂ ပတ်ခန့် အတွင်း ရာနှင့်ချီသော ကိုယ်စားလှယ်လောင်းများကို စာရင်းတင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။

တစည သည် ပါတီအောင်နိုင်ရေးအတွက် ရန်ကုန်၊ မန္တလေး စသည့် တိုင်းကြီး ၇ တိုင်းကို အထူးအားထားပြီး၊ ပြည်နယ်များတွင် ကယားနှင့် မွန်ပြည်နယ်တို့ကို မျှော်လင့်ထားသည်။

ကျန်ဒေသများဖြစ်သည့် ကချင်၊ ရှမ်း၊ ချင်း၊ ရခိုင်နှင့် ကရင်ပြည်နယ်တို့တွင်မူ ဒေသခံ တိုင်းရင်းသားပါတီများ ဝင်ရောက်မည်ဖြစ်သဖြင့် အနိုင်ရရန်အတွက် ခက်ခဲစွာ ကြိုးစားရဖွယ် ရှိနေကြောင်း ဦးဟန်ရွှေက ဆိုသည်။

ချင်းပြည်နယ်ရှိ မဲဆန္ဒနယ်အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ချင်းတိုးတက်ရေးပါတီနှင့် ချင်းအမျိုးသား ပါတီတို့ကမူ ၎င်းတို့သာ အနိုင်ရမည်ဟု ကြုံးဝါးထားသည်။

နိုင်ငံတဝှန်းလုံးရှိ လွှတ်တော် ၃ ရပ်တွင် ကိုယ်စားလှယ် ၁၅၇ ယောက် ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်း တင်ထားသည့် ကျားဖြူ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီကလည်း မိမိတို့ပါတီအား ရှမ်း ပြည်သူလူထုက အပြည့်အဝထောက်ခံသဖြင့် အနိုင်ရမည်ဟု ယုံကြည်ကြောင်း ပြောဆိုထားသည်။ ယင်းပါတီသည် ရှမ်းပြည်နယ်ရှိ မဲဆန္ဒနယ် ၅၅ နေရာအနက် ၄ဝ တွင် ဝင်ရောက်ယှဉ်ပြိုင်မည်။

အာဏာရှင်ဟောင်း ဗိုလ်ချုပ်နေဝင်း တည်ထောင်ခဲ့သည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ကို အမည် ပြောင်းထားသည့် တစညပါတီသည် ၁၉၉ဝ ခုနှစ်မှ ၂ဝ၁ဝ ခုနှစ်အထိ ပါတီဖျက်သိမ်းခြင်း မခံရဘဲ ရပ်တည် လာခဲ့ပြီး ယခုနှစ် မတ်လ ၂၉ ရက်နေ့တွင် ရွေးကောက်ပွဲကော်မရှင်ထံ ထပ်မံမှတ်ပုံတင်ခဲ့သည်။ ၎င်းတို့ပါတီတွင် ပါတီဝင် ၃ သန်းခွဲ ရှိသည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် စုစုပေါင်း လူဦးရေ ၅၇ သန်း ၅ သိန်းကျော်ရှိသည့်အနက် မဲပေးပိုင်ခွင့်ရှိသူ ၂၇ သန်း ၃ သိန်း ကျော် ရှိကြောင်း ၂ဝဝ၈ ခုနှစ် မေလက ပြုလုပ်ခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ လူထုဆန္ဒ ခံယူပွဲကာလက ထုတ်ပြန်ခဲ့သည့် အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၏ စာရင်းဇယားများအရ သိရ သည်။

 

 

 

 

 

Myanmar Newsမြန်မာ့သတင်း