BNI Online

Wednesday, Feb 08th

Last update11:06:31 PM GMT

ENGLISH VERSION
You are here သတင်း မဇ္ဈိမ ဗိုလ်ချုပ်မှူးကြီး တရုတ်သို့ လည်ပတ်မည်

ဗိုလ်ချုပ်မှူးကြီး တရုတ်သို့ လည်ပတ်မည်

စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် မနက်ဖြန်မှ စတင်ကာ တရုတ်နိုင်ငံသို့ ၅ ရက်ကြာ ခရီးစဉ်ဖြင့် အလည်အပတ်ရောက်ရှိမည်ဟု တရုတ်နိုင်ငံ ဇင်ဟွာသတင်းဌာန  သတင်းထုတ်ပြန်....

စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် မနက်ဖြန်မှ စတင်ကာ တရုတ်နိုင်ငံသို့ ၅ ရက်ကြာ ခရီးစဉ်ဖြင့် အလည်အပတ်ရောက်ရှိမည်ဟု တရုတ်နိုင်ငံ ဇင်ဟွာသတင်းဌာန  သတင်းထုတ်ပြန်ချက်အရ သိရသည်။

တရုတ်သမ္မတ ဟူဂျင်းတောင်၏ ဖိတ်ကြားချက်အရ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ဇနီးသည် ဒေါ်ကြိုင်ကြိုင်နှင့်အတူ ယခုလ ၇ ရက်နေ့မှ ၁၁ ရက်နေ့အထိ လာရောက်လည်ပတ်ရန် စီစဉ်ထားခြင်း ဖြစ်သည်။
President-2s
ယခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် ပြင်ဆင်ရန် ထိပ်တန်း မြန်မာစစ်ခေါင်းဆောင်အချို့ စစ်ဘက် ရာထူးများမှ ရုတ်တရက် အနားယူကြပြီးနောက် ရက်ပိုင်း အကြာတွင် ယခု ခရီးစဉ် ပေါ်ထွက်လာခြင်း ဖြစ်သည်။

လွန်ခဲ့သည့် လများအတွင်း တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများကို အကြီးအကျယ် တိုးမြှင့်ပြုလုပ်ခဲ့ရာ လက်ရှိ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၈ ဘီလီယံကျော်အထိ ရင်းနှီးမြှုပ်နှံခဲ့သည်။ ထိုပမာဏသည် လွန်ခဲ့သည့် ဆယ်စုနှစ် ၂ ခုခန့်က မြန်မာနိုင်ငံအတွင်း စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ သုံးပုံနှစ်ပုံခန့် အထိပင် ရှိသည်။

တရုတ်နိုင်ငံ၏ မကြာသေးခင်က ရင်းနှီးမြှုပ်နှံမှုများတွင် အမေရိကန်ဒေါ်လာ ၅ ဘီလီယံ တန်းဖိုးရှိ ရေအားလျှပ်စစ် စီမံကိန်း များနှင့် အမေရိကန် ဒေါ်လာ ၂.၁၅ ဘီလီယံခန့် တန်ဖိုးရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများ ပါဝင်သည်။

ဗိုလ်ချုပ်မှူးကြီးသည် ၁၉၉၆ ခုနှစ်ထဲတွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌ အနေဖြင့်လည်းကောင်း၊ ၂ဝဝ၃ ခုနှစ်ထဲတွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ နအဖ ဥက္ကဋ္ဌ အနေဖြင့်လည်းကောင်း တရုတ် နိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့သေးသည်။

မြန်မာနိုင်ငံသို့ နောက်ဆုံး လာရောက်လည်ပတ်ခဲ့သော တရုတ်ထိပ်တန်း ခေါင်းဆောင်မှာ တရုတ် ဒုသမ္မတ မစ္စတာ ရှီကျင့်ဖျင် (Xi Jinping) ဖြစ်ပြီး၊ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်း အလည်အပတ် ခရီးစဉ် ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးသည် ယခုနှစ် ဇူလိုင်လထဲတွင် အိန္ဒိယနိုင်ငံသို့ လည်ပတ်ခဲ့ရာ၊ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် စီးပွားရေး အကျိုးတူ ဆောင်ရွက်ရေးကို ရည်ရွယ်၍ စာချုပ်များ ချုပ်ဆိုခဲ့ကြသည်။



Myanmar Newsမြန်မာ့သတင်း