မောင်တော အခြေစိုက် နစက တပ်ဖွဲ့ တဖွဲ့မှ ဘင်္ဂလာဒေခ်ျ့ ရေပြင်ပိုင်နက် အတွင်းသို့ ကျူးကျော် ၀င်ရောက်ပြီး မြန်မာနိုင်ငံက သစ်ဘုတ်တစီးကို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ ...
မောင်တော အခြေစိုက် နစက တပ်ဖွဲ့ တဖွဲ့မှ ဘင်္ဂလာဒေခ်ျ့ ရေပြင်ပိုင်နက် အတွင်းသို့ ကျူးကျော် ၀င်ရောက်ပြီး မြန်မာနိုင်ငံက သစ်ဘုတ်တစီးကို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။
ဆင်မဖြူကျွန်းမှ စီးပွားရေး လုပ်ငန်းရှင် တဦးက ဖြစ်ပျက်ပုံ အသေးစိတ်ကို ယခုကဲ့သို့ ပြောသည်။
“ ဖြစ်တာက တနင်္လာနေ့ နေ့လည် ၁ နာရီနဲ့ ၂ နာရီ ကြားမှာ ဖြစ်တာပါ။ နစက တပ်ဖွဲ့ဝင်တွေက မြန်မာဘက်က သစ်တင်လာတဲ့ မော်တော် ဘုတ်တစီးကို ဘင်္ဂလာဒေခ်ျ့ ရေပြင် ပိုင်နက်မှာ ရှေ့နောက်ညှပ်ပီး ဘုတ်နှစ်စီးနဲ့ ပစ်ခတ် ဖမ်းဆီးပါတယ်။ ဘုတ်သမားတွေက မလွှတ်နိုင်မှန်းသိတော့ သစ်ဘုတ်ကို ဆင်မဖြူကျွန်း တည့်တည့်ကို မောင်းပီး ရေထဲခုန်ချ ထွက်ပြေးသွားကြတယ်။ ဘုတ်က ဆင်မဖြူကျွန်းမှာ တင်ကျန်နေခဲ့တယ်။ ဒါကို နစက တပ်ဖွဲ့ဝင်တွေက အတင်းဝင်ရောက်ပြီး ပါလာတဲ့ ဘုတ်နဲ့ ဆွဲချပြီး မြန်မာဘက်ကို ယူဆောင်သွားခဲ့ပါတယ်။”
အဆိုပါ သစ်ဘုတ်မှာ စစ်တွေမှ ဖြစ်ပြီး ဘုတ်ပေါ်တွင် လူ (၈) ဦး ပါရှိသည်။ သို့သော် တစုံတဦးကိုမှ ထိခိုက်ခြင်း မရှိဟု သိရသည်။
“ သစ်ဘုတ်က စစ်တွေက ဖြစ်ပါတယ်။ ပိုင်ရှင် နာမည်တွေတော့ မပြောတော့ပါဘူး။ ဘုတ်ပေါ်မှာ သစ်တန်ချိန် ၅၀ နီးပါး ပါလာပါတယ်။ နစကတွေက သစ်ဘုတ်ကို ဘင်္ဂလာရေပြင်ကနေ မောင်တော တောင်ပိုင်းက မကျည်းချောင်း စခန်းကို ဆွဲယူသွားခဲ့ပါတယ်” ဟု သူက ဆက်ပြောသည်။
ဘင်္ဂလာဒေခ်ျ့ ရေပြင် ပိုင်နက် အတွင်းသို့ ၀င်ရောက်ပြီး သေနတ် ပစ်ခတ်မူကြောင့် ကျွန်းပေါ်နေထိုင်သူ အရပ်သားများ အလန့်တကြား ဖြစ်သွားခဲ့သော်လည်း သက်ဆိုင်ရာ ဘင်္ဂလာရိုင်ဖယ် တပ်ဖွဲ့မှ တစုံတရာ တုန့်ပြန်မူ မပြုလုပ်ဟု သိရသည်။
“ ဘင်္ဂလာဒေခ်ျ့ ဘီဒီအာရ်တွေကလည်း နစကနဲ့ ထိပ်တိုက် မဖြစ်ချင်တော့ ဘာမှ အရေးယူ ဆောင်ရွက်တာတွေ မလုပ်ပါဘူး။ နစကတွေ ထွက်သွားပီးမှ အခင်း ဖြစ်ပွားရာကို လာရောက် ကြည့်ရှု့ စစ်ဆေးသွားခဲ့ပါတယ်” ဟု သူက ဆက်ပြောသည်။
နစက တပ်ဖွဲ့ဝင်များသည် မြန်မာနိုင်ငံမှ ဘင်္ဂလာဒေခ်ျ့သို့ ပစ္စည်းတင်ပို့သည့် မှောင်ခို စက်လှေများမှ လမ်းမှ ဖြတ်ပြီး အကောက် ကောက်ခံလေ့ရှိကာ အခွန်မပေးဆောင်သည့် စက်လှေများကို ယခုကဲ့သို့ ပစ်ခတ် ဖမ်းဆီးလေ့ရှိသည်ဟု သိရသည်။ ဖမ်းဆီးရမိသော သစ်များကို အထက်သို့ တင်ပြင်မူ မရှိဘဲ အပြင်တွင် ရောင်းချကာ နစက အရာရှိများ အကြား ခွဲဝေယူလေ့ရှိသည်ဟု သိရသည်။
မောင်တော အခြေစိုက် နစက တပ်ဖွဲ့ဝင်များသည် မည်သူကိုမှ ဂရုမစိုက်ဘဲ ဘင်္ဂလာဒေခ်ျ့ ရေပြင်ပိုင်နက်သို့ ရံဖန်ရံခါ ၀င်ရောက်ပြီး ဘင်္ဂလာဒေခ်ျ့ ငါးဖမ်းသမားများကို ပြန်ပေးဆွဲကာ ငွေညစ်ယူလေ့ရှိသည်ဟု ဒေသအတွင်းက လာသော သတင်းများ အရ သိရသည်။
