BNI Online

Wednesday, Feb 08th

Last update11:06:31 PM GMT

ENGLISH VERSION
You are here သတင်း နိရဉ္စရာ နစက တပ်သားနှစ်ဦး ထွက်ပြေးလာသဖြင့် ရခိုင်ကျေးရွာများကို ဘီဒီအာရ်မှ အပြင်းအထန် ရှာဖွေ

နစက တပ်သားနှစ်ဦး ထွက်ပြေးလာသဖြင့် ရခိုင်ကျေးရွာများကို ဘီဒီအာရ်မှ အပြင်းအထန် ရှာဖွေ

ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့် တပ်ဖွဲ့ ဘီဒီအာရ်မှ မြန်မာဘက်မှ ထွက်ပြေးလာသူ နစက တပ်သား ၂ ဦး ပုန်းအောင်းနေသည် သံသယဖြင့် နတ်မြစ် ကမ်းခြေတွင် တည်ရှိသော ရခိုင်ကျေးရွာ ၂ ရွာကို ယမန်နေ့က ပိုက်စိပ်တိုက် ရှာဖွေ...

ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့် တပ်ဖွဲ့ ဘီဒီအာရ်မှ မြန်မာဘက်မှ ထွက်ပြေးလာသူ နစက တပ်သား ၂ ဦး ပုန်းအောင်းနေသည် သံသယဖြင့် နတ်မြစ် ကမ်းခြေတွင် တည်ရှိသော ရခိုင်ကျေးရွာ ၂ ရွာကို ယမန်နေ့က ပိုက်စိပ်တိုက် ရှာဖွေမူများ ပြုလုပ်ခဲ့သည်ဟု ကျေးရွာသားများက ပြောသည်။

“ရှာတာတောင် ဘယ်ကမလဲ။ ခြိမ်းခြောက်မူတွေတောင် လုပ်ပါတယ်။ မင်းတို့ အဲဒီ နစကတွေကို ဘယ်မှာ ၀ှက်ထားသလဲ။ မင်းတို့ သူတို့ကို မလွဲပေးဘူးဆိုရင် ရွာသားတွေ အားလုံးကို အရေးယူမယ် ဆိုပီး ခြိမ်းခြောက်မူတွေ လုပ်ပါသေးတယ်။ ဒါပေမယ့် ကျွန်တော်တို့ဆီမှာမှ မရှိတာ ဘယ်လိုလုပ်ပီး နစကတွေကို လွဲပေးနိုင်မှာလဲ။ ရှာဖွေ မတွေ့တော့တဲ့နောက် ဘီဒီအာရ်တွေ ကျွန်တော်တို့ရွာက ထွက်သွားကြပါတယ်” ဟု ရွာသား တဦးက ပြောသည်။

ဘီဒီအာရ် တပ်သား ၂၀ ခန့်သည် ယမန်နေ့ နေ့လည်က ဘင်္ဂလာဒေခ်ျ့ နိုင်ငံ တက်ကနက်မြို့နယ် နတ်မြစ် ကမ်းခြေတွင် တည်ရှိသော မြစ်နားရွာနှင့် ခြံချောင်းကျေးရွာများသို့ ၀င်ရောက်လာပြီး နစက တပ်သား ၂ ဦးကို တအိမ်တက်ဆင်း ရှာဖွေမူများ ပြုလုပ်ခဲ့သည်။

“ကျွန်တော်တို့ ကြားသိရတာကတော့ မောင်တောမြို့နယ် ငါးခူရ စခန်းက နစက တပ်သား ၂ ဦးဟာ လွန်ခဲ့တဲ့ အင်္ဂါနေ့ညဥ့်မှာ စခန်းကနေ နတ်မြစ်ကို လှေတစီးနဲ့ ဖြတ်ကူးပြီး ထွက်ပြေး သွားတယ်လို့ သိရပါတယ်။ အဲသလို ထွက်ပြေးသွားတဲ့ နောက်ပိုင်းမှာ နစက အာဏာပိုင်တွေက ဘီဒီအာရ် အာဏာပိုင်တွေကို အကြောင်းကြားတဲ့ အတွက် ဘီဒီအာရ်တွေက ခုလို ရခိုင်ကျေးရွာတွေမှာ ပိုက်စိပ်တိုက် လိုက်လံ ရှာဖွေတာ ဖြစ်ပါတယ်” ဟု ပြောသည်။

နစက တပ်သား ၂ ဦး ထွက်ပြေးသွားပြီးနောက် လှေဖြင့် လိုက်ပို့သူ ကူးတို့လှေပိုင်ရှင်ကို နစကမှ ဖမ်းဆီးထားပြီး စစ်ဆေးမေးမြန်းမူများ ပြုလုပ်နေကြောင်း သိရသည်။

ငါးခူရ ကျေးရွာက အမည်မဖေါ်လိုသူ ရွာသား တဦးက “ သူတို့ စခန်းကနေ လက်နက်မဲ့ ထွက်ပြေးသွားတာ မှန်ပါတယ်။ သူတို့ ထွက်ပြေးသွားတာနဲ့ ချက်ချင်း နစက တပ်မှူး ဗိုလ်မှူးအောင်နိုင် ကိုယ်တိုင် လိုက်ရှာပါတယ်။ မြန်မာ့ဘက်ကမ်းမှာ ရှာမတွေ့တော့ ဘင်္ဂလာဒေခ်ျ့ကို လိုက်လံ ဖမ်းဆီးပေးဖို့ သူတို့ အကြောင်း ကြားလိုက်တာ ဖြစ်နိုင်ပါတယ်” ဟု ပြောသည်။

ယခုအချိန်ထိ ဘီဒီအာရ် အာဏာပိုင်များက ရခိုင်ကျေးရွာများကို စောင့်ဆိုင်းကြည့်ရှု နေပြီး နစက တပ်သားများ ပုန်းအောင်း၍ ရှိ မရှိကို မေးမြန်း စုံစမ်းနေကြောင်း သိရသည်။

ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်ဖွဲ့ ဘီဒီအာရ်သည် မြန်မာဘက်မှ ထွက်ပြေးလာသူ နစကများကို ဖမ်းဆီး၍ ပြန်ပို့လေ့ရှိပြီး ၂၀၀၇ ခုနှစ်ကလည်း လက်နက် ၂ လက်နှင့် အတူ ထွက်ပြေးလာသူ နစက တပ်သား ၂ဦးကို ဖမ်းဆီး၍ ပြန်ပို့ခဲ့သဖြင့် အဆိုပါ တပ်သား ၂ ဦးမှာ နောက်ပိုင်းတွင် နစက တပ်ဖွဲ့၏ ကွပ်မျက် သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

၂၀၀၈ ခုနှစ်အတွင်းကလည်း နစက တပ်သား ၃ ဦး ဘင်္ဂလာဒေခ်ျ့သို့ ထွက်ပြေးလာခဲ့ပြီး ဒီမိုကရေစီအရေး လူပ်ရှားသူများ၏ ကူညီမူဖြင့် ဖမ်းဆီး မခံရဘဲ လွှတ်မြောက်သွားခဲ့သည်။ သို့သော်လည်း ဒက္ကားမြို့ရှိ ယူအန်အိပ်စီအာရ်မှ ဒုက္ခသည် အဖြစ် အသိအမှတ်ပြုရန် ငြင်းဆိုမူကြောင့် ယခုအချိန်ထိ ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် ပုန်းအောင်း နေထိုင်နေကြရသည်။

မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်တွင် ရှိနေသော နစက တပ်ဖွဲ့တွင် အောက်ခြေ အဆင့်ရှိ နစက တပ်သားများမှာ အထက်အရာရှိများ၏ ဖိနှိပ်မူများကို ပြင်းပြင်းထန်ထန် ခံနေကြရသည့် အပြင် လစာ မလုံလောက်ခြင်း အလုပ်ကြမ်းများ စေခိုင်းခံနေရသဖြင့် နစက တပ်ဖွဲ့တွင် တာဝန် ထမ်းဆောင်လိုစိတ် မရှိ ဖြစ်နေကြသည်ဟု သိရသည်။

နစက တပ်မှူးများမှာ လာဒ်ပေး လာဒ်ယူမူများကြောင့် အကြီးအကျယ် ချမ်းသာ ကြီးပွားနေကြသော်လည်း အောက်ခြေ တပ်သားများမှာ စားစရာ မရှိ ဖြစ်နေသဖြင့် နစက တပ်တွင်းတွင် အထူး မကျေနပ်မူများလည်း တိုးပွားနေကြောင်း စုံစမ်းသိရှိရသည်။


Myanmar Newsမြန်မာ့သတင်း