BNI Online

Wednesday, Feb 08th

Last update11:06:31 PM GMT

ENGLISH VERSION
You are here သတင်း နိရဉ္စရာ မဟာမုနိ ဗုဒ္ဓ၀ိဟာရမှ မိန်းခလေး ၃ ဦးကို အကျယ်ချုပ်ဖြင့် ဆက်လက်ထိန်းသိမ်းထား

မဟာမုနိ ဗုဒ္ဓ၀ိဟာရမှ မိန်းခလေး ၃ ဦးကို အကျယ်ချုပ်ဖြင့် ဆက်လက်ထိန်းသိမ်းထား

အရှင်ပညာစာရ ဦးစီးတည်ထောင်ခဲ့သော မဟာမုနိ ဗုဒ္ဓ၀ိဟာ ပရဟိတကျောင်းမှ အာဏာပိုင်များ၏ ခေါ်ဆောင် သွားခြင်းကို ခံရသူ အမျိုးသမီးငယ် ၃ ဦးကို ယခုအချိန်ထိ မိဘများလက်သို့ လွဲပြောင်းပေးအပ်ခြင်း မရှိ....

အရှင်ပညာစာရ ဦးစီးတည်ထောင်ခဲ့သော မဟာမုနိ ဗုဒ္ဓ၀ိဟာ ပရဟိတကျောင်းမှ အာဏာပိုင်များ၏ ခေါ်ဆောင် သွားခြင်းကို ခံရသူ အမျိုးသမီးငယ် ၃ ဦးကို ယခုအချိန်ထိ မိဘများလက်သို့ လွဲပြောင်းပေးအပ်ခြင်း မရှိဘဲ ဆက်လက်ပြီး အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားကြောင်း သတင်း ရရှိသည်။

အဆိုပါ အမျိုးသမီးငယ် ၃ ဦးမှာ မဖြူဖြူဝင်း (၁၈ နှစ်)၊ မအေးသိန်းခိုင် ( ၁၆ နှစ်)နှင့် မသန်းနွယ် (၁၆ နှစ်) တို့ ဖြစ်ကြသည်။

“သူတို့က ကျောင်းသူတွေ ဖြစ်ကြပါတယ်။ သူတို့ကို ဇူလိုင်လ ၂၇ ရက်နေ့ကတည်းက ခေါ်ထုတ်သွားပြီး ပထမ သူတို့ကို အမှတ် ၁ ရဲစခန်းမှာ ထားပါတယ်။ အခု သူတို့ကို ရူပတောင် ဦးအောင်စိုးသာ ဗွီဒီယိုရုံနားက ရဲလိုင်း တန်းမှာ ပြောင်းရွှေ့ထားပါတယ်။ မိသားစုတွေ သွားတွေ့လို့ ရပေမယ့် အပြင်ကို ခေါ်ခွင့် မပြုဘဲ တားမြစ်ထား ပါတယ်” ဟု သူမတို့၏ ဆွေမျိုး တဦးက ပြောသည်။

မဖြူဖြူဝင်းမှာ ဦးစိန်ရွှေအောင် သမီး ဖြစ်ပြီး ၁၀ တန်းကျောင်းသူ ဖြစ်သည်။ သူမ၏ နေရပ် ဇာတိမှာ မင်းပြားမြို့နယ် ကြိမ်ချောင်းကျေးရွာ ဖြစ်ကြောင်း သိရသည်။

မအေးသိန်းခိုင်မှာ ဦးအောင်ကျော်သောင်း သမီး ဖြစ်ပြီး ၉ တန်းကျောင်းသူ ဖြစ်သည်။ သူမ၏ ဇာတိမှာ ကျောက်တော်မြို့နယ် အုန်းပတီးကျေးရွာ ဖြစ်သည်။

မသန်းနွယ်မှာမူ ၉ တန်းကျောင်းသူ ဖြစ်ပြီး ငယ်ငယ်ကတည်းက မိဘ မရှိဘဲ ဆရာတော်ကျောင်းကို ရောက်ရှိ လာသူ ဖြစ်သဖြင့် နေရပ်လိပ်စာ မရှိကြောင်း သိရသည်။

“သူတို့ကို ဘာကြောင့် ထိန်းသိမ်းထားသလဲ ဆိုတာတော့ တိတိကျကျ မသိရဘူး။ သက်ဆိုင်ရာ မိဘတွေက လာခေါ်ပေမယ့် ရဲက ပေးမပြန်ဘူး။ ဒါကြောင့် သူတို့က ကျောင်းမတက်ရဘဲ ရဲစခန်းက လိုင်းတန်းမှာ နေထိုင်နေကြရပါတယ်” ဟု သူက ဆက်ပြောသည်။

ဆရာတော် အရှင်ပညာစာရ ကျောင်းတွင် မိဘမဲ့ ကလေးများအပြင် ဆင်းရဲနွမ်းပါးသဖြင့် ပညာ မသင်နိုင်သူ ကလေး ၁၂၀ ကျော် ရှိပြီး အများစု အသက်အရွယ် ငယ်ရွယ်သူ ကလေးငယ်များကို ဗမာပြည်သို့ အာဏာပိုင် များက ပို့ဆောင်လိုက်သည်။

စစ်တွေတွင် ကျန်ရှိနေသူ အဆိုပါ အမျိုးသမီးငယ် ၃ ဦးအား ယခုအချိန်ထိ မိဘများထံ လွဲပြောင်းပေးအပ်ခြင်း မရှိသေးဘဲ အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားသဖြင့် သူမတို့၏ အနာဂတ်အရေးအတွက် မိသားစုများက စိုးရိမ် နေကြသည်ဟု သိရသည်။

 

 

 

 

 

Myanmar Newsမြန်မာ့သတင်း