BNI Online

Wednesday, Feb 08th

Last update11:06:31 PM GMT

ENGLISH VERSION
You are here သတင်း နိရဉ္စရာ ရတပ ကျောက်ဖြူ ကျေးလက် စည်းရုံးရေး ခရီးစဉ် ကန့်သတ်မူများ ရှိနေ

ရတပ ကျောက်ဖြူ ကျေးလက် စည်းရုံးရေး ခရီးစဉ် ကန့်သတ်မူများ ရှိနေ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ကျေးလက်ဒေသများတွင် စည်းရုံးရေး ဆင်းနေသော ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (ရတပ) လုပ်ငန်းများ ကန့်သတ်ခံနေရ....

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ကျေးလက်ဒေသများတွင် စည်းရုံးရေး ဆင်းနေသော ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (ရတပ) လုပ်ငန်းများ ကန့်သတ်ခံနေရကြောင်း ဒေသခံလူငယ် တစ်ဦးက ပြောသည်။

“ကျွန်တော်တို့ ဇင်ချောင်းကို ရတပက ခေါင်းဆောင်တွေ စည်းရုံးရေး လုပ်ဖို့ လာပါတယ်။ ဒါပေမယ့် ဒေသ အာဏာပိုင်တွေက ခွင့်မပြုတဲ့အတွက် လူ ၅၀ လောက်သာ ဆန့်တဲ့ ဌေးဝင်း သန်း ဗွီဒီယို ရုံမှာဘဲ စည်းရုံးရေး လုပ်သွားရပါတယ်။ ခေါင်းဆောင်တွေကလည်း ပြောပါတယ်။ သူတို့ အနေနဲ့ လွတ်လပ်စွာ စည်းရုံးခွင့် မရဘူးလို့ ကျွန်တော်တို့ ရွာသားတွေကို ပြောပါတယ်” ဟု အဆိုပါ လူငယ်က ပြောသည်။

ရတပ ပါတီ ခေါင်းဆောင်များမှ ကျေးရွာသားများနှင့် တွေ့ဆုံပြီး စည်းရုံးရေး လုပ်လိုကြောင်း တင်ပြသော်လည်း ဘုန်းတော်ကြီးကျောင်း အပါအ၀င် အပြင်တွင် မလုပ်ရဟု ဆိုကာ ဗွီဒီယိုရုံတွင်သာ လုပ်ခွင့်ပြုခဲ့သည်ဟု သူက ဆိုသည်။

“ပြင်ပနေရာတွေမှာ ကျယ်ကျယ်ပြန့် မလုပ်ရဘူး ဆိုပီးတော့ ရတပ ပါတီကို ကျတော့ တားမြစ်ပါတယ်။ ကြံ့ဖွတ် ပါတီကတော့ စည်းရုံးချင်သလို စည်းရုံးလို့ ရနေတာကို တွေ့ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒေသမှာ ရတပ ပါတီက ရှေ့က ပြေးနေပါတယ်။ ကြံ့ဖွတ်ပါတီကို ဘယ်သူမှ မဲမပေးဘူးလို့ ပြောနေကြပါတယ်” ဟု သူက ဆက်ပြောသည်။

ရတပ ပါတီကို ကိုယ်စားပြုပြီး ကျောက်ဖြူမြို့နယ်မှ ဗဟိုတရားရုံးရှေ့နေ ဦးဘရှင် (ပြည်သူ့လွှတ်တော်)၊ ဦးအုန်းတင် (အမျိုးသားလွှတ်တော်)၊ ဦးတင်ဖေနှင့် ဦးကျော်လွှင် (ပြည်နယ် လွှတ်တော်) တို့ ၀င်ရောက် ယှဉ်ပြိုင်ကြမည်ဟု သိရသည်။

“ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီကိုဘဲ လူတွေက အားပါနေကြတယ်။ ကိုယ့်အမျိုးသားပါတီ ဖြစ်လို့လေ။ ဒါပေမယ့် ကြံ့ဖွတ်က ဘယ်လို လုပ်လာမလဲ ဆိုတာကို မသိရသေးဘူး။ အခု ကြံ့ဖွတ်က ကျေးရွာ စည်းရုံးရေးမှူးတွေကို ကျောက်ဖြူကို လွန်ခဲ့တဲ့ တရက်နှစ်ရက်က ခေါ်တင်သွားပြီး အစည်းအဝေးတွေ လုပ်နေတယ်လို့ ကြားရပါတယ်။ သူတို့ အားနဲ့ လုပ်ချင်လုပ်လာနိုင်တယ်” ဟု အဆိုပါ လူငယ်က ပြောသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် ယခင်က ရခိုင်အမျိုးသား ကိုယ်စားပြု ပါတီများ အားမကောင်း ခဲ့သော်လည်း ယခုအခါ ကျောက်ဖြူဒေသခံများက ရခိုင်ကိုယ်စားပြု ပါတီများကို အထူးအားပေးမူများ ရှိလာပြီး ရတပ ပါတီအတွက် ရွေးကောက်ပွဲတွင် အခြေအနေ ကောင်းနိုင်ကြောင်း လေ့လာသုံးသပ်သူများက ပြောသည်။

 

 

 

 

Myanmar Newsမြန်မာ့သတင်း